မနေ့က အာဆီယံထိပ်သီးအစည်းအဝေးဆွေးနွေးမှုတွေကို Covid ကိစ္စက လွှမ်းမိုးနေတာ မထူးဆန်းပါဘူး။ လက်ရှိ စိန်ခေါ်မှုတွေထက် အနာဂါတ်မှာ ဘယ်လို ဒီကပ်ရောဂါကြီးရဲ့အကျိုးဆက်တွေကို အကောင်းဘက်သာအောင် လုပ်နိုင်မလဲဆိုတာကို အလေးထာပါတယ်။ တကမ္ဘာလုံးက ဒီလိုပဲ တွေးနေပါတယ်။ အတွေးကို အလုပ်ဖြစ်ဖို့က အရေးကြီးတာပါ။
အမျိုးသမီးများအရေး ဆွေးနွေးရာမှာလည်း အမျိုးသမီးများအပေါ် Covid ရဲ့ အကျိုးသက်ရောက်မှုများ၊ Covid အပြီး ပြန်လည် ထူထောင်ရေးမှာ အမျိုးသမီးများကဏ္ဍစသဖြင့် ဆွေးနွေးသွားပါတယ်။ အမျိုးသားနိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ အပြောကိုတော့ ကျွန်မသဘောကျလို့ မျှဝေလိုက်ပါတယ်။ အမျိုးသားများဟာ မိမိတို့ ရနေတဲ့နေရာ၊ ရာထူး၊ အခွင့်အရေးတွေဟာ မိမိတို့ တော်လွန်းလို့ပဲ ရတာမဟုတ်၊ အမျိုးသားတွေဖြစ်ခြင်းကြောင့်သာ ရတာတွေလည်း ရှိတာကို သတိမပြုမိကြဘူးတဲ့။
ဒါအများကြီး စဉ်းစားစရာပါပဲ။ ကျွန်မတို့ အမျိုးသမီးတွေ အလုပ် ကြိုးစားတာ၊ တော်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ယခုအချိန်မှာ အမြင့်ဆုံးရာထူးတွေ ရရှိထားသူအများစုဟာ အမျိုးသားတွေ ဆိုတာလည်း မငြင်းနိုင်ပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဝန်ထမ်း (၇၀)% လောက်ဟာ အမျိုးသမီးတွေပါ။ နောင် (၁၀)နှစ်လောက်ကြာရင် အခြေအနေတွေ ဘယ်လိုများနေပါမလဲဆိုတာကို တွေးရပါတယ်။ ကျွန်မကတော့ အမျိုး သမီး၊ အမျိုးသား ၅၀% လောက်စီ ဖြစ်စေချင် ပါတယ်။ ပြည်ပမှာ ကျွန်မတို့နိုင်ငံကို အမျိုးသမီး၊ အမျိုးသား အတူတူ တက်ညီလက်ညီ ကိုယ်စားပြုတာ မြင်တွေ့ချင်ပါတယ်။ နိုင်ငံကို ကိုယ်စားပြုရာမှာ၊ နိုင်ငံ့ဝန်ကို ထမ်းရာမှာ အမျိုးသားတွေလည်း တက်တက်ကြွကြွပါစေချင်ပါတယ်။ ကျွန်မတို့လို အင်အားမကြီးမား လှတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဇတ်ခုံပေါ်မှာ ဘယ်လို လှုပ်ရှား ဆောင်ရွက်ရတယ်ဆိုတာကို အမျိုးသမီး၊ အမျိုးသားအားလုံး စိတ်ဝင်စားစေချင်ပါတယ်။
Covid ရောဂါကို ရင်ဆိုင်ကိုင်တွယ်ရာမှာ ကျွန်မတို့နိုင်ငံ မျက်နှာ မငယ်ရပါဘူး။ ဒီဒေသရဲ့ အချမ်းသာဆုံးစာရင်းဝင်နိုင်ငံ မဟုတ်ပေမဲ့ စိန်ခေါ်မှုတွေကို အခုအထိ ပီပြင်စွာ ရင်ဆိုင်နိုင်ပါတယ်။ ဇွန်လကုန်အထိ သတ် မှတ်ထားတဲ့ စည်းမျဉ်းများ ပြောင်းရေး၊ ပြင်ရေး၊ ဆက်လက်ထားရှိရေးတို့ကိုလည်း ယနေ့ ပြည်သူတွေကို အသိပေးပါမယ်။ “မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့” ဆိုတဲ့ အလယ်အလတ်လမ်းကို တည်တည်ငြိမ်ငြိမ် ဆက်ပြီးလျှောက်ကြရမှာပါ။ ဒီလမ်းခရီးမှာ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှု၊ စာနာမှုတွေ ပိုပြီး ပေးတတ်သွားမယ်ဆိုရင်ကို အမြတ်ကြီးတစ်ခုပါပဲ။
Source - ASSK (FB)
0 comments:
Post a Comment