Tuesday, June 2, 2020

Unicef Myanmarမှ မြန်မာနိုင်ငံအတွက်မှာယူထားသော ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အတွက်ကာကွယ် ဆေးပမာဏ ၁သန်းကျော်နှင့် COVID-19 ရောဂါပိုးစစ်ဆေးရေးကိရိယာ (test kits) ၁၀, ဝဝဝ ရောက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်၊ ရန်ကုန်မြို့- မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်စတင်မှုကိုပံ့ပိုးရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ငွေကြေးပံ့ပိုးပြီး ယူနီဆက်မှတစ်ဆင့်ဝယ်ယူထားသော ပုံမှန်ကာကွယ်ဆေးပမာဏ ၁.၁၆သန်းသည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS)အနေဖြင့် ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် ရောဂါပိုးများကိုအရှိန်မြှင့်ပြီး ပိုမိုစစ်ဆေးနိုင်ရန်အတွက် ယူနီဆက်၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုများမှ အစိတ်အပိုင်းတစ်ရပ်အဖြစ် Scanned Global Logistics နှင့်ပူးပေါင်း၍ ယူနီဆက်စင်းလုံးငှားလေယာဉ်သည် ဒုတိယအသုတ်ဖြစ်သော COVID-19 ရောဂါပိုးစစ်ဆေးရေးကိရိယာ(test kit)ခုရေ ၁၀, ဝ၀ဝနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကိုလည်း တင်ဆောင်လာခဲ့ပါသည်။
၂၀၂၀ပြည့်နှစ် မတ်လမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များသည် ၁၉၇၀ခုနှစ် တိုးချဲ့ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ (EPI)စတင်ခဲ့ချိန်နောက်ပိုင်း မကြုံစဖူး ကမ္ဘာလုံးအတိုင်းအတာဖြင့် ရပ်ဆိုင်းထားခဲ့ရပါသည်။ အလားတူပင် မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးကဏ္ဍသည် COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် အာရုံစိုက်ဆောင်ရွက်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်အောင် ခပ်ခွာခွာနေထိုင်ရေးအလေ့အထ အစီအမံများကို ဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ခေတ္တရပ်ဆိုင်းခဲ့ပါသည်။
သို့သော်လည်း ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ပြန်လည်စတင်ဆောင်ရွက်ရန် ဂရုတစိုက်ကြိုတင်စီစဉ်၍ မရှိမဖြစ်လိုအပ်သော ရောဂါပိုးကူးစက်မှုကာကွယ်ရေးအစီအမံများအပြင် ကျန်းမာရေးဝန်ထမ်းများနှင့် မိဘအုပ်ထိန်းသူများ လိုက်နာဆောင်ရွက်နိုင်မည့် စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ ထည့်သွင်းစဉ်းစားလျက် ကြိုတင်ပြင်ဆင်ခဲ့ပါသည်။
ရောဂါပိုးတွေ့အတည်ပြုလူနာများသည် ရောဂါကန့်သတ် စောင့်ကြည့်ရာနေရာများမှဖြစ်ပြီး ပြည်သူလူထုအတွင်းရောဂါကူးစက်ဖြစ်ပွားမှု အနည်းဆုံးရှိခဲ့ခြင်းကြောင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို မေလ ၁၈ ရက်နေ့တွင် အစိုးရဆေးရုံများ၌ စတင်ခဲ့ပြီးဖြစ်ကာ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူလူထုအတွင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှစ၍ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။“
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ဧပြီလနဲ့ မေလတွေမှာ ပုံမှန်ကာကွယ်ဆေးမထိုးနှံခဲ့ရတဲ့ လျာထားကလေးငယ်အားလုံးသာမက ယခင်က မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပုံမှန်ကာကွယ်ဆေး မထိုးခဲ့ရဘဲ လွတ်ကျန်နေခဲ့သည့် ကလေးများအားလုံးကိုပါ ဆက်လက်ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်။ မိဘအုပ်ထိန်းသူများကို မေတ္တာရပ်ခံချင်တာကတော့ ကာကွယ်ဆေးထိုးနှံမယ့် ဆေးခန်းတွေကို လာရောက်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အကြံပြုထားတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေ၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားတဲ့အတိုင်း ခပ်ခွာခွာနေဖို့နဲ့ လက်သန့်ရှင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာပေးကြပါ။ ဒါမှသာ ကလေးများ ဘေးကင်းစွာနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ပြီး COVID-19 ရောဂါမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါသည်။
COVID-19ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း ကာကွယ်ဆေးထိုးနှံမှုကဏ္ဍများတွင် COVID-19 ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးနှင့် ဘေးကင်းလုံခြုံရေးအစီအမံများကို လိုက်နာနိုင်မည့် သင့်လျော်အောင်ပြုပြင်ထားသည့် နည်းလမ်းတစ်ခုရှိရန်လိုအပ်သည်။ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအတွင်း ကူးစက်ပျံ့နှံ့နိုင်မည့်အန္တရာယ်မရှိအောင်ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးစုရပ်များကို အကြံပြုထားသော COVID-19ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြင်ဆင်ထားနိုင်စေရန်အတွက် ကာကွယ်ဆေးထိုးစုရပ်များတွင် တစ်နေ့လျှင် ကလေး ၅၀ ဦးခန့်သာ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က “COVID-19 ရောဂါဟာ ကျွန်တော်တို့အားလုံးအတွက် အမြင်သစ်တွေသင်ကြားပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ ကူးစက်တတ်တဲ့ကပ်ရောဂါတွေဟာ နိုင်ငံပေါင်းများစွာမှာတစ်ချိန်တည်း ဖြစ်ပွားနိုင်တယ်ဆိုတာ သက်သေပြလိုက်ပါပြီ။ အလားတူပဲ ကာကွယ်ဆေးနဲ့ကြိုတင်ကာကွယ်နိုင်တဲ့ ဝက်သက်လိုရောဂါတွေဟာ ကာကွယ်ဆေးလွှမ်းခြုံမှု ကျဆင်းသွားတာနဲ့ အချိန်မရွေး တဟုန်ထိုးပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အခုချိန်မှာ ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ချီးကျူးထိုက်တဲ့ ခြေလှမ်းကို စတင်လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အတွက် ကာကွယ်ဆေးများရောက်ရှိလာရေးကို ကူညီပေးရန် ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ WHO ၊ Gavi, the vaccine alliance နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. June Kunugi က “ကလေးငယ်တွေရဲ့ အသက်ကိုကယ်ဆယ်ဖို့နဲ့ အထူးသဖြင့် ကျန်းမာရေးလိုအပ်ချက် အလွန်ကြီးမားတဲ့ဝေးလံခေါင်သီပြီး ရောက်ရန်ခက်ခဲတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသက ကလေးငယ်တွေကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကပ်ရောဂါအသွင်ဖြစ်ပွားမှု အန္တရာယ်မှ လျှော့ချနိုင်ဖို့အတွက် အရည်အသွေးပြည့်ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေကို မှန်ကန်သောအချိန်မှာ လိုအပ်တဲ့အကြိမ်ပြည့်ရရှိဖို့က ပဓာနကျတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“အစိုးရရဲ့ COVID-19 ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေနဲ့ အခုကပ်ရောဂါအတွင်းမှာ ကလေးငယ်များ ကျန်းကျန်းမာမာရှိနေစေဖို့ လိုအပ်တဲ့ အခြားအခြေခံလိုအပ်ချက်တွေကို ကလေးငယ်တွေ ဆက်လက်ရရှိနေစေဖို့အတွက် ယူနီဆက်က ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု Ms Kunugi က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေချိန်တွင် မိခင်နှင့် ကလေးကျန်းမာရေးနှင့်အာဟာရမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သော ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများပါဝင်သည့် အခြား EPI လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်။
Crd : Unicef Myanmar #Myanmar_Online_News

0 comments:

Post a Comment