Sunday, August 2, 2020

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကိုကျောင်းမှာကပ်မှာမဟုတ်ပဲ ပညာရေး Websiteတွေမှာသာ ကြည့်နိုင်မှာဖြစ်

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေကိုမတ်လ (၁၁) ရက်နေ့မှစတင်ကာ မတ်လ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရင်ကတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စားရင်းတွေကိုဇွန်လပထမပတ်အကုန်လောက်မှာ ထုတ်ပြန်ပေးခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ COVID-19ရောဂါကြောင့် သတ်မှတ်ရက်အတွင်း မထုတ်ပြန်နိုင်တာဖြစ်ပါတယ်။
လက်ရှိမွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ကျောင်းသားကျောင်းသူတွေအတွက်အောင်စာရင်းတွေကိုတော့ သြဂုတ်လ(၉)ရက်နေ့ထုတ်ပြန်နိုင်ရန်လျာထားပြီး ဖြစ်ပေမယ့် COVID-19ရောဂါကြောင့် Social Distancingအရအောင်စာရင်းတွေကို ပညာရေးWebsiteတွေမှာသာကြည့်နိုင်မှာဖြစ်တယ်လို့ မွန်ပြည်နယ်ပညာရေးမှူးဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။
``အဲ့ဒီအခြေအနေကတော့ တီချယ်တို့ကအောင်စာရင်းကို အခုဒီနှစ်က တီချယ်တို့ဆီမှာအခါတိုင်းလိုမျိုး မ နက်(၆)နာရီထုတ်ပြန်ကြေငြာဖြစ်သည်ဆိုပြီးတော့ စာရင်းစာရွက်တွေပေးပြီးတော့ အဲ့လိုကပ်တဲ့စနစ်မျိုးနဲ့မဟုတ်ဘူး၊ Onlineကနေပဲကြေငြာမှာပေါ့နော်၊ တီချယ်တို့သိထားသလောက်က (၉)ရက်နေ့၊ နံနက်(၁)နာရီပေါ့နော် အဲ့ဒီလောက်ဆိုလို့ရှိရင် ပညာရေးဝန်ကြီးဌာနရဲ့ MOE Websiteရှိတယ် အဲ့ဒီကနေ နောက်တခါကျတော့ စာစစ်ဦးစီးဌာနရဲ့ Websiteရှိတယ်၊ အဲ့ဒီလိုမျိုးတွေကနေပြီးတော့ Onlineကနေကြည့်ရုံပဲပေါ့၊ ကိုယ့်ရဲ့မြို့နယ်အလိုက် စာစစ်ဌာနအလိုက်ပေါ့နော်၊ အဲ့လိုကြည့်လို့ရပြီးပေါ့နော်၊ ကျောင်းတွေမှာတော့ မကပ်ဘူး´´လို့ ဒေါက်တာချိုချိုမြတ်အောင်က ဆိုပါတယ်။
ဒါ့အပြင် ကျောင်းတွေမှာ တက္ကသိုလ်ဝင်အောင်စာရင်းတွေကို သြဂုတ်လ(၉)ရက်နေ့မှာထုတ်ပေးမှာမဟုတ်ကြောင်း၊ အောင်စာရင်းတွေကိုသြဂုတ်လ(၁၀)ရက်နေ့ကျမှသာ ကျောင်းတွေကိုထုတ်ပေးဖို့လျာထားကြောင်းနဲ့ စာစစ်ဌာနတွေကိုပေးပြီးပါက စာစစ်ဌာနရဲ့ဦးရေပေါ်မှာမူတည်ပြီးတော့ Social Distancingအရ စီစဥ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူအနေဖြင့် (၃၂၅၂၁)ဦးစာရင်းရှိခဲ့ကြောင်း၊ စာမေးပွဲကာလအတွင်းလာရောက်ဖြေဆိုသူ (၃၀၅၀၀)ကျော်ရှိခဲ့ကြောင်းနဲ့ မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် စာစစ်ဌာနအနေဖြင့် မော်လမြိုင်မှာ(၁၃)ခု၊ ကျိုက်ထိုမှာ(၉)ခု၊ သထုံမှာ(၈)ခု၊ ဘီးလင်းနဲ့ပေါင်မှာ(၇)ခု၊ သံဖြူဇရပ်မှာ(၆)ခု၊ချောင်းဆုံမှာ(၅)ခု၊ မုဒုံနဲ့ရေးမှာ(၄)ခုနဲ့ ကျိုက်မရောမှာ(၃)ခု ဖွင့်လှစ်ပေးခဲ့ပြီး စာစစ်ဌာနပေါင်း(၆၆)ခုရှိတယ်လို့ သိရပါတယ်။
Ref ; Yarmanya Times

0 comments:

Post a Comment