Wednesday, August 1, 2018

တနင်္သာရီဂျာနယ်အား တရားစွဲဆိုမှုကို ပယ်ဖျက်ရန် လျှောက်ထားမှု ပလပ်ခံရ

တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သော မဲဆွယ်အပြုံးသရော်စာနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက တရားစွဲထားသည့်အမှုကို ပယ်ဖျက် (ချေဖျက်) ပေးရန် တနင်္သာရီဂျာနယ်၏ လျှောက်ထားချက်ကို တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချလိုက်သည်။
ယင်းနောက် ဇူလိုင်လ ၃၁ ရက်နေ့တွင် တိုင်းတရားလွှတ်တော်က ပလပ်သည့် အမိန့်ချလိုက်ခြင်းဖြစ်သည်။ တိုင်းတရားလွှတ်တော်က ပလပ်အမိန့်ချလိုက်သည့်အပေါ် ဂျာနယ်ဘက်က နည်းလမ်းနှစ်သွယ်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ဆိုသည်။ ပထမနည်းလမ်းအနေဖြင့် မြို့နယ်တရားရုံးတွင် စစ်ဆေးသည့် ရောက်ရှိအဆင့်မှ ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒုတိယနည်းလမ်းအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဒီအမှုနဲ့ပတ်သက်ပြီး အထွေထွေလျှောက်လွှာ တင်သွင်းလို့ရပါတယ်”ဟု တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောသည်။ တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် စစ်ဆေးပြီးချိန်တွင် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှုပယ်ဖျက်ပေးရန် တိုင်း တရားလွှတ်တော်ထံ မေလ ၂၁ ရက်က လျှောက်ထားခဲ့သည်။ တိုင်းတရားလွှတ်တော်က ပလပ်သည့် အမိန့်ချလိုက်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။ “မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ သဘောသဘာဝဘောင်ထဲကနေပြီးတော့မှ ချေဖျက်ရမယ့်အမှုလို့ ကျွန်တော်တို့ ယုံကြည်ထားတာရှိတယ်၊ အဲဒီဟာအတွက် ကျွန်တော်တို့ ထပ်ကြိုးစားမယ်”ဟု ဦးမျိုးအောင်က ပြောသည်။ အမှုကိုပလပ်သည့် အမိန့်ချသည့် အကြောင်းအရင်းကိုမူ အမှုတွဲမိတ္တူကူးပြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပလပ်အမိန့်ချပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံ အထွေထွေလျှောက်လွှာ တင်သွင်းနိုင်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။ တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက် မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ Dawei Watch The Voice


0 comments:

Post a Comment