Wednesday, August 1, 2018

လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ပုသိမ်ကြီးဒေသခံသုံးဦး ရဲစခန်းတွင်အဖမ်းခံ


မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုပြင်နေသည့် ကျေးရွာချင်းဆက်လမ်းပေါ် ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဦးသန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြတို့သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ယင်းမြို့နယ်ရဲစခန်းသို့ လာရောက်ကာ အဖမ်းခံခဲ့သည်။

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်း ဆက်လမ်း နှစ်မိုင်ကျော်ကို အကျယ် ၃၆ ပေရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်လျက်ရှိရာတွင် လမ်းပေါ်ကျူးကျော် ခြံစည်းရိုးခတ်သည့်အတွက် ကျေးလက်လမ်းဦးစီးဌာနက လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ထားသောကြောင့် လာရောက်အဖမ်းခံခြင်းဖြစ်သည်။

“လမ်းပေါ်မှာ စည်းကာထားတယ်ဆိုပြီး ခုလိုဖြစ်ရတာ။ အခုလိုအမှုဖွင့်ခံထားရတာ ခံစားရတာကတော့ ပြောမနေပါနဲ့တော့။ နဂိုကလည်း အမေ့မြေထဲ ကနေဖောက်ခွင့်ပေးထားတာပါ”ဟု လာရောက်အဖမ်းခံခဲ့သူ အောင်သပြေကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်အေးက ပြောကြားသည်။

လမ်းများ၊ တံတားများ ဥပဒေ ပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခံခဲ့ရသူများသည် အသက် ၄၀ မှ အသက် ၇၀ ကျော်အရွယ်များဖြစ်သည်။ 

“ရဲစခန်းကဆင့်ခေါ်တဲ့အတွက် လာပြီးအဖမ်းခံတာ။ ဒေါ်အေးဆိုရင် အသက် ၇၀ ကျော်ပါပြီ။ ဒီကိုမလာခင် သူ့ကို ဆေးခန်းပြပြီးမှ လာခဲ့ရတာ။ သူ့အသက်ကိုလည်း စိုးရိမ်ပါတယ်”ဟု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသူ အောင်သပြေဒေသခံ ဦးရွှေအုန်းက ပြောကြားသည်။

အောင်သပြေကျေးရွာမှ ဦးရွှေအုန်းအပါအဝင် ဦးဝင်းဇော်လတ်၊ ဒေါ်ငြိမ်းဌေး၊ ဒေါ်ဝင်းမာသန်း၊ ဒေါ်ရင်ရင်အောင်တို့သည်လည်း မြင့်ကုမ္ပဏီကပြုလုပ်နေသည့် တစ်ရက် တန် ၅၀၀၀ ကျဘိလပ်မြေ စက်ရုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့မှုဖြင့် ပုသိမ်ကြီး မြို့မရဲစခန်းက (ပ) ၁၉၃/၂၀၁၈၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည်။

ယင်းအပြင် အောင်သပြေကျေးရွာမှ ဦးမင်းနိုင်၊ ဦးမောင်ကို၊ ဦးသာဌေး၊ ဒေါ်ငြိမ်းဌေးတို့ကိုလည်း ပုသိမ်ကြီးမြို့မရဲစခန်းက ပ (၁၉၄)/၂၀၁၈ မန္တလေးတိုင်းလမ်းများ၊ တံတားများဥပဒေပုဒ်မ ၂၂ ဖြင့်အမှုဖွင့်ထားပြီး အမှုရင်ဆိုင်ရန် ရဲတပ်ဖွဲ့က ဆင့်ဆိုထားသည်။

သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြကိုမူ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။

တစ်ရက်တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံစီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာအနီးတွင် တည်ရှိပြီး တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်၊ တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့်ကျေးရွာများနှင့်လည်း ထိစပ်နေရာဒေသခံများသည် ယင်းစီမံကိန်းကိုကန့်ကွက်သည့်အနေနှင့် ဆန္ဒပြပွဲများလည်း သုံးကြိမ်ခန့်ပြုလုပ်ခဲ့ဖူးသည်။

The Voice

0 comments:

Post a Comment