Monday, August 20, 2018

ကြားဖြတ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ကြိုတင်စီမံဆောင်ရွက်မည်


လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ကာလ(၄)ခု သတ်မှတ်ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့  ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ခန့်ခွဲမှု ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ပြည်ထဲရေးဌာန သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။   
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အကြိုကာလလုံခြုံရေး၊ မဲဆွယ်စည်းရုံး ကာလ လုံခြုံရေး၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်ကာလ လုံခြုံရေးနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လုံခြုံရေးဟူဆိုပြီး ကာလ(၄)ခုသတ်မှတ်ဆောင်ရွက်သွားမယ်လို့  ၀န်ကြီးက ပြောပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေမယ့် ဖြစ်နိုင်ဖွယ်ရှိတဲ့ အလားအလာတွေကို ကြိုတင်မျှော်တွေးပြီး လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ဖို့ ဇာတ်တိုက်လေ့ကျင့်သွားမယ်၊ လုံခြုံရေးတာဝန်ထမ်းဆောင်ကြ သူအားလုံးဟာလည်း  ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ဖို့ စီမံသွားမယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ  ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအရေးကြီးတယ်၊ အချိန်နဲ့ တပြေးညီ သတင်းမှန်တွေကို လည်း ထုတ်ပြန်သွားကြရမယ်၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့လည်း  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မယ်လို့ ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေပြောပါတယ်။
ဒီအစည်းအဝေးကို ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကော်မတီဝင် ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နဲ့ ဦးစိုးအောင်၊ ဒုရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ တိုင်းနဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ   တိုင်းဒေသကြီးနဲ့ ပြည်နယ်(၉)ခုမှာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စုစုပေါင်း (၆၅)ဦးဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားကြမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MOH
DVB

0 comments:

Post a Comment