Monday, August 20, 2018

အခြေခံပညာရေး ဥပဒေကြမ်းတွင် လိင်တူချစ်သူများ၏ အခွင့်အရေး ဖြည့်စွက်ရန် တောင်းဆို

မူကြမ်းအဆင့်သာရှိသေးသည့် အခြေခံပညာရေးဥပဒေတွင် လိင်တူချစ်သူများ၏ (ကွဲပြားသောလိင်စိတ်ခံယူမှု- LGBT) ရှိသူများ၏ အခွင့်အရေးကိုလည်း ဖြည့်စွက်ပေးရန် အခြေခံပညာရေး ပညာရေးလုပ်သားများသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီက တောင်းဆိုသည်။
အခြေခံပညာရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ကော်မတီက မြို့နယ်အလိုက် ဆွေးနွေးပြီးနောက် ဩဂုတ် ၁၉ ရက်တွင် ယင်းသို့တောင်းဆိုခြင်းဖြစ်သည်။ ဗဟိုလုပ်ငန်းကော်မတီနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့ပူးပေါင်း၍ ဩဂုတ်လ ၁၉ ရက်တွင် ဥပဒေကြမ်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်၌ ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်း အခြေခံမူများ၌ ပညာသင်ယူသူ၏ လူမျိုး၊ ဇာတိ၊ ဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ ကျား၊ မ ဆင်းရဲချမ်းသာနှင့် မသန်စွမ်းမှုအပါအဝင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး ပါရှိသော်လည်း “ကွဲပြားသောလိင်စိတ်ခံယူမှု” စကားရပ်ကိုပါ ထည့်သွင်းရန် တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါကော်မတီဝင် ဦးမင်းမင်းထွဋ် က “LGBT ဆိုတာ နိုင်ငံတကာစံချိန်၊ စံညွှန်းနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းမှာ ပါနေတာပဲ။ ပါတဲ့အတွက်ကြောင့် ထည့်ကို ထည့်ပေးသင့်တယ်”ဟု ပြောကြားသည်။

ထိုအချက်များအပြင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရသော နယ်စပ်တိုင်းရင်းသားလူမျိုးစုများ၏ ပညာသင်ယူခွင့်၊ အခြေခံပညာရေးကောင်စီတွင် ဆရာအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ ပါဝင်ခွင့်၊ မိခင်ဘာသာစကားသင်ကြား၊ သင်ယူရေးအချက်များ ထည့်သွင်းရန်လည်း တောင်းဆိုသည်။

အခြေခံပညာရေးဥပဒေကြမ်းကို ၂၀၁၇ ခုနှစ်အတွင်းကရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များ ဆွေးနွေးနေဆဲဖြစ်သည်။ ယခုကျင်းပနေသည့် နဝမ ပုံမှန်အစည်းအဝေးတွင် (ရက်အတိအကျကိုမူ မသိရှိရသေးပေ) တင်သွင်းရန် ပညာရေးမြှင့်တင်မှုကော်မတီက ပြင်ဆင်နေသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အထက (ခွဲ) မိကျောင်းအင်းမှ မူလတန်းပြဆရာ ဦးနေခြည်က “ယောကျာ်းလေးဆိုလည်း မိန်းကလေးစိတ်ပေါက်တာ ရှိမယ်။ မိန်းကလေးကလည်း ယောကျာ်းစိတ်ပေါက်တာရှိမယ်။ ဒါသူတို့ရဲ့လွတ်လပ်ခွင့်ပဲ။ အဓိက သူတို့လည်းပညာသင်ဖို့ပဲ”ဟု ပြောကြားသည်။

အခြေခံပညာရေးဥပဒေကြမ်း သုံးသပ်ချက်များကို ပညာရေးမြှင့်တင်မှုကော်မတီနှစ်ရပ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်းကော်မတီတို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း အခြေခံပညာရေး ပညာရေးလုပ်သားများ သမဂ္ဂ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အခြေခံပညာရေး ပညာရေးလုပ်သားများသမဂ္ဂများ ဖြစ်မြောက်ရေးဗဟို လုပ်ငန်းကော်မတီကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ဆရာ၊ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများပါဝင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြို့နယ်အလိုက်ကော်မတီများအနေနှင့် ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင် အများဆုံးဖွဲ့စည်းထားပြီး တစ်မြို့နယ်လျှင် အဖွဲ့ဝင်ဦးရေ ၅၀၀ ဦးခန့်ရှိကြောင်း ယင်းအဖွဲ့ထံမှသိရှိရသည်။

The Voice

0 comments:

Post a Comment