Monday, August 20, 2018

ကျောက်ပန်းတောင်း၌ ဘိုးဘွားရိပ်သာတည်ဆောက်မည်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု ဘိုးဘွားရိပ်သာမရှိသည့်အတွက် အောင်မင်္ဂလာရပ်ကွက် ဣစ္ဆိတံဘုရားအနီးတွင် တည်ဆောက်မည်ဖြစ်ကြောင်း ယင်းမြို့၏ သုခဆည်းဆာ သက်ကြီးရွယ်အိုစောင့် ရှောက်ရေးအဖွဲ့ထံမှသိရသည်။
“ကျောက်ပန်းတောင်းမြို့နယ်မှာ ပြုစုစောင့်ရှောက်မှုမဲ့နေတဲ့ ဘိုးဘွားတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ မြင်တဲ့အခါကျတော့ သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်မယ်။ ဘိုးဘွားရိပ်သာထူထောင်မယ်။ ယခုအချိန်မှာတော့ ဆေးဝါးကုသမှုနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အာဟာရ ကျွေးမွေးခြင်းတွေ ပြုလုပ်နေပါတယ်”ဟု ယင်းစောင့်ရှောက်ရေးအဖွဲ့၏ နာယက ဦးခင်ဇော်က ပြောကြားသည်။

ယင်းဘိုးဘွားရိပ်သာသစ်တွင် အဘိုးဆောင်၊ အဘွားအဆောင်၊ ထမင်းစားဆောင်နှင့် ကျန်းမာရေး ဆေးကုသဆောင်တို့ ပါရှိမည်ဖြစ်ပြီး အလျားပေ ၃၀၀၊ အနံ ပေ ၁၀၀ ရှိသည့် မြေအကျယ်၌ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘိုးဘွားရိပ်သာတည်ဆောက်မှု ပြီးစီးပါက အသက် ၆၀ နှစ်နှင့်အထက် အိုမင်းမစွမ်း ခိုကိုးရာမဲ့နှင့် သားသမီးများရှိသော်လည်း ပြုစုစောင့်ရှောက်မည့်သူမရှိသည့် ဘိုးဘွားများကို ရွေးချယ်လက်ခံပေးမည်ဖြစ်ပြီး ကူးစက်နိုင်သည့် ရောဂါပိုးရှိသည့် ဘိုးဘွားများကိုမူ လက်ခံပေးမည်မဟုတ်ကြောင်း အဆိုပါသုခ ဆည်းဆာ ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment