Monday, August 20, 2018

မြစ်ရေတတိယအကြိမ်တက်လာသဖြင့် တနင်္သာရီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းခြောက်ခု ပြန်ဖွင့်

တနင်္သာရီမြို့နယ်တွင် တတိယအကြိမ် ရေပြန်တက်လာသဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းခြောက်ခု ပြန်လည်ဖွင့်လှစ်ရ ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။

မိုးကြီးသဖြင့် တနင်္သာရီမြစ် ရေလျှံကာ ဇူလိုင် ၁၄ ရက်ကစ၍ တစ်မြို့နယ်လုံးလူဦးရေ၏လေးပုံ တစ်ပုံဖြစ်သော လူနှစ်သောင်းခွဲ ကျော် တစ်လကျော်ကြာ ရေဘေး ကြုံတွေ့ရခြင်းဖြစ်သည်။ ဇူလိုင်လကုန်ပိုင်းက ရေပြန်ကျပြီး သြဂုတ်လဆန်းပိုင်းတွင် တစ်ကျော့ပြန်ရေတက်ခဲ့သည်။

ထို့နောက် သြဂုတ် ၁၄ ရက် တွင် တနင်္သာရီမြစ်ရေသည် စိုးရိမ် ရေမှတ်အောက်သို့ ပြန်လည်ကျ ဆင်းခဲ့ရာ မြို့ပေါ်နှင့် ကျေးရွာ များရှိ ရေဘေးကယ်ဆယ်ရေးများ  ပိတ်သိမ်းခဲ့သည်။
လက်ရှိတွင် သြဂုတ် ၁၅ ရက်က စ၍ တစ်ကျော့ပြန်ရေပြန် တက်လာကာ သြဂုတ် ၁၉ ရက် ည ၆ နာရီတိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၇ ပေထက် ၇ ပေကျော် လာပြီးနောက် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းခြောက်ခု ပြန်လည်ဖွင့်လှစ်ပြီး လူ ၇၀၀ ခန့်သည် ယင်းစခန်းများ၌ ခိုလှုံနေရကြောင်း မြို့နယ် ရေဘေးကူညီကယ်ဆယ် ရေးရုံး တာဝန်ရှိသူ ဦးအောင်ဝင်း က ပြောသည်။
‘‘ရေက ဆက်တိုးနေတယ်။ အန္တရာယ်ရေမှတ် ၂၄ ပေကျော်သွားပြီး တစ်နာရီခြား တစ်ခါတစ်လက်မလောက် တိုးတိုးနေတယ်။ မနက်ဖြန် ၅ ရက်စာ ရိက္ခာထပ်ဖြန့်ဖို့ စီစဉ်ထားတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် သြဂုတ် ၁၉ ရက်ကစစ်တောင်းနှင့်   ရွှေကျင်မြစ်ရေ  မြင့်တက်မှုကြောင့်  ရွှေကျင်မြို့ နယ်အတွင်း ရေ၀င်ရောက်လာ ပြီးမြစ်ကမ်းဘေးကျေးရွာများဖြစ် သည့်ညောင်ဝိုင်းရွာ၊ အနောက် ဘက်ရွာနှင့် ကံကော်ဝိုင်းရွာမှ လူ ၁၄၅ ဦးကိုအရေးပေါ်ရွှေ့ပြောင်း ပြီးကယ်ဆယ်ရေးစခန်းတစ်ခုဖွင့် လှစ်ခဲ့ရသည်။  အဆိုပါ  မြို့ရှိ စာသင်ကျောင်း လေးကျောင်း လည်း ပိတ်ထားသည်။
မူလက ရွှေကျင်မြို့နယ်၌ ရေဘေးရှောင်ပြည်သူ ၇၅၀  ကျော်ရှိရာ လက်ရှိတွင် လူ ၈၉၀ ကျော်နှင့် ကယ်ဆယ်ရေးစခန်း လေးခု ရှိပြီဖြစ်သည်။

7Day

0 comments:

Post a Comment