Monday, August 20, 2018

ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး၏ မင်္ဂလာဆောင်သို့ ရုရှားသမ္မတပူတင်တက်ရောက်သောကြောင့် နိုင်ငံတွင်း ဝေဖန်မှုများမြင့်တက်


ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ကာရင်ကန်နီဆယ်လ်၏ လက်ထပ်မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ရာ ဩစတြီးယားပြည်သူများက ကာရင်ကန်နီဆယ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
ဂျာမန်စကားပြောသည့်နိုင်ငံဖြစ်သော ဩစတြီးယားနိုင်ငံတောင်ပိုင်းဒေသရှိ စတိုင်ရီယာပြည်နယ်တွင် ကျင်းပပြုလုပ်သော ယင်းမင်္ဂလာဧည့်ခံပွဲသို့ ရုရှားသမ္မတပူတင် ရောက်ရှိလာပြီး ပန်းစည်းလက်ဆောင်ပေးကာ သူမနှင့်ယှဉ်တွဲကခဲ့သေးသည်။ 

ဩစတြီးယားအတိုက်အခံနိုင်ငံရေး အင်အားစုများက မစ္စကာရင်ကန်နီဆယ်လ်သည် ပူတင်ကဲ့သို့သောပုဂ္ဂိုလ်မျိုးကို မင်္ဂလာဆောင်သို့ ဖိတ်ကြားခြင်းဖြင့် အီးယူ၏ နိုင်ငံခြားရေးမူဝါဒကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်လိုက်ကြောင်း ဝေဖန်ကြသည်။ 

သမ္မတပူတင်သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ အဓိပတိအန်ဂလာမာကယ်လ်နှင့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီ ဩစတြီးယားနိုင်ငံသို့ ဦးစွာသွားရောက်ပြီး ကာရင်ကန်နီဆယ်လ်၏ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။ 

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စကာရင်ကန်နီဆယ်လ်သည် ဩစတြီးယန်းလူမျိုး စွန့်ဦးတီထွင်သမား ဗို့လ်ဂန်းမိုင်လင်ဂါကို လက်ဆက်ခဲ့ခြင်းဖြစ်သည်။ ဗို့လ်ဂန်းမိုင်လင်ဂါမှာ ဆလိုဗေးနီးယား နယ်စပ်ဒေသအနီးရှိ ဂမ်လင့်ဇ်မြို့မှဖြစ်သည်။ 

နိုင်ငံခြားရေးဝန်ကြီး မစ္စကာရင် ကန်နီဆယ်လ်မှာ ပညာရှင်တစ်ဦးသာဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီတစ်ခု တလေမျှနှင့် ဆက်နွှယ်မှုမရှိပေ။ သူမကို ဩစတြီးယား လက်ယာစွန်းပါတီဖြစ်သော ဖရီးဒန်းပါတီ(လက်ရှိညွန့်ပေါင်းအစိုးရ၏ မဟာမိတ်) က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ 

ယခုနှစ်အစောပိုင်းကာလ ဩစတြီးယားနိုင်ငံသို့ သမ္မတပူတင်လာရောက် လည်ပတ်ခဲ့စဉ် မစ္စကာရင်ကန်နီဆယ်လ်က မင်္ဂလာဆောင်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ 

မစ္စကာရင်ကန်နီဆယ်လ၏ မင်္ဂလာဆောင်သို့ သမ္မတပူတင်တက်ရောက်မည်ဖြစ်ကြောင်း ယခုသတင်းပတ်အစတွင် သတင်းထွက်ပေါ်လာသည့် အချိန်ကတည်းက ဩစတြီးယားမီဒီယာများတွင် အငြင်းအခုံများစွာ ပေါ်ပေါက်ခဲ့သည်။ 

ဂရင်းပါတီ၏ အဖွဲ့ဝင်များကမူ ယင်းသို့ သမ္မတပူတင်ကို ဖိတ်ကြားခြင်းကြောင့် နိုင်ငံခြားရေးဝန်ကြီးကာရင်ကန် နီဆယ်လ်အနေနှင့် ရာထူးမှနုတ်ထွက်ပေးရမည်ဟု တောင်းဆိုကြသည်။ 

အချို့သော နိုင်ငံရေးသမားများကမူ ပူတင်၏ခရီးစဉ်အတွက် လုံခြုံရေးတိုးမြှင့်ပေးရခြင်းကြောင့် အခွန်ထမ်းပြည်သူများ ထိခိုက်နစ်နာရသည်ဟု ထောက်ပြထားကြသည်။ 

သမ္မတဗလာဒီမာပူတင်သည် ဂျာမနီအဓိပတိ မာကယ်လ်နှင့် ဘာလင်မြို့တွင် အလွတ်တမ်းသဘောမျိုး တွေ့ဆုံကာ အရေးကိစ္စအချို့အတွက် ဆွေးနွေးရန်စီစဉ်ထားသည်။ 

The Voice

0 comments:

Post a Comment