Monday, September 3, 2018

ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီရှိ ငါးသယံဇာတနှင့်အဏ္ဏဝါဇီဝမျိုးကွဲပြားမှုကို နော်ဝေသင်္ဘောတစ်စီးက သုတေသနပြုစစ်ဆေးနေ


နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr Fridtjof Nansen ဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှုနှင့် အဏ္ဏဝါဇီဝမျိုးကွဲပြားမှုသုတေသနလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 
အဆိုပါ သုတေသနလုပ်ငန်းအတွက် FAO နှင့် ငါးလုပ်ငန်းဦးစီးဌာတို့ သဘောတူလက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သုတေသနကာလမှာ သြဂုတ်လ၂၄ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ တစ်လကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ “ ရခိုင်နဲ့ ဧရာဝတီကိုသုတေသနလုပ်ဖို့ ထွက်သွားပါတယ်။ ငါးသယံဇာတနဲ့ ပတ်သက်တာတွေ၊ ပင်လယ်ရေမှာ ပလတ်စတစ်ပါဝင်မှုတွေကို တိုင်းမှာပါ။ စက်တင်ဘာ ၁၁ ရက်နေ့လောက် ရန်ကုန်ကို ပြန်ဝင်လာမယ်။ ၁၂ ရက်နေ့မှာ ကြိုဆိုပွဲလုပ်မယ်။ ၁၃ ရက်နေ့မှာတော့ ဧရာဝတီနဲ့ ရခိုင်မှာ သုတေသနလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေကို ရှင်းလင်းပွဲလုပ်သွားမယ်။ နောက်ပြီး တနင်္သာရီရေပြင်ကို ပြန်ထွက်ပြီး တနင်္သာရီတိုင်း၊ ကော့သောင်းမှာ ခရီးစဉ်ဆုံးမယ်။ ပြီးရင် ထိုင်းနိုင်ငံကိုဆက်သွားမယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးလှဝင်းက ပြောသည်။ အဆိုပါ သုတေသနလေ့လာရေးခရီးစဉ်တွင် မြန်မာ့ရေပိုင်နက်အတွင်း၌ ငါးသယံဇာတတည်ရှိမှုပမာဏ၊ ရေငန်ဂေဟဆိုင်ရာအချက်အလက်များ၊ ပင်လယ်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုအခြေအနေနှင့် ငါးများ၏ ဥနှင့် သားလောင်းများပျံ့နှံ့တည်ရှိမှုတို့ကို စစ်ဆေးတိုင်းတာသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသုတေသနခရီးစဉ်တွင်ငါးလုပ်ငန်းဦးစီးဌာနမှ သုတေသနအရာထမ်း၊ အမှုထမ်း(၁၀)ဦး၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ(၆)ဦး၊ WCS အဖွဲ့မှ (၂)ဦး၊ တပ်မတော်ရေမှ(၁)ဦး၊ နော်ဝေနိုင်ငံမှပညာရှင် (၈) ဦး လိုက်ပါသွားကြောင်း သိရသည်။ အဆိုပါ သုတေသနရေယာဉ်သည် မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှုနှင့်အဏ္ဏဝါဇီဝမျိုးကွဲပြားမှု သုတေသနလေ့လာရေးများပြုလုပ်ရန် သြဂုတ်လ ၂၂ ရက်၌ ရန်ကုန်မြို့၊ မြန်မာ့စက်မှုဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ခုနှစ်၊၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်လည်း နော်ဝေသုတေသနရေယာဉ် Dr Fridtjof Nansen ဖြင့် မြန်မာ့ရေပိုင်နက်အတွင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းရလဒ်များကိုအခြေခံ၍ ငါးလုပ်ငန်းစီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment