Monday, September 3, 2018

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးများ မဲဆန္ဒနယ်အချို့၌ စတင်ပြုလုပ်


၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လစ်လပ်မဲဆန္ဒနယ် အချို့တွင် စက်တင်ဘာ ၃ ရက်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ကြေညာထားသည်။ 

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်းနှင့် ကြီးမားသော စိန်ခေါ်မှုမရှိနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။ 

ရခိုင်အမျိုးသားပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် လစ်လပ်နေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်မည်ခြင်းဖြစ်ပြီး အောင်နိုင်ရေးအတွက် အဆင့်လေးဆင့်ခွဲပြီး ဆောင်ရွက်ထားရှိကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို စက်တင်ဘာ ၃ ရက်ကစတင်ပြီး လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ 

“တခြားအဖွဲ့တွေကတော့ လှုပ်ရှားတာ သိပ်မတွေ့ရသေးဘူး။ နောက်ပိုင်းမှာတော့ ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအတွက်တော့ စိန်ခေါ်မှုသိပ်ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒီမဲဆန္ဒနယ်အမှတ် (၂) မှာ ရွာပေါင်း ၈၀ ကျော်ရှိတယ်။ ရွာတိုင်းမှာလည်း ရပ်ကျေးကော်မတီတွေရှိတယ်။ မဲပေးမယ့်ဦးရေ ၅၀,၀၀၀ ရှိတယ်။ အဲဒီအထဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၃၅,၀၀၀ ရှိခဲ့တယ်လို့ သိရတယ်။ ဆိုတော့ ကျွန်တော်တို့ မဲ ၂၀,၀၀၀ ဘယ်လိုရမလဲဆိုတာကို စည်းရုံးနေပါတယ်” ဟု ANP ပါတီဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။ 

ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်း၊ ကွယ်လွန်သွားသည့်အတွက် လစ်လပ်နေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊ တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်သန်းမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိန်းမောင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အလားတူ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ် ပြည်သူ့လွတ်တော်နေရာတွင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်နှင့် စက်တင်ဘာ ၃ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

မြင်းခြံမြို့နယ်တွင် လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော်နေရာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးစိန်မြင့်၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးမျိုးဟန်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီမှ ဒေါက်တာသန်းဝင်း၊ ပြည်သူ့အလုပ်သမားပါတီမှ ဦးရဲကျော်အောင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခင် မြင်းခြံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပေါခင်မှာ နှလုံးသွေးကြောပိတ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သောကြောင့် မဲဆန္ဒနယ်နေရာ လစ်လပ်နေခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိသည်။ 

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံတို့ဖြစ်ကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) (အကျုံးဝင်သောမြို့နယ် မြစ်ကြီးနား) ဖြစ်သည်။ 

ထို့အတူ လစ်လပ်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တို့ဖြစ်ကြသည်။ 

အင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က မဲဆန္ဒနယ် ၁၀ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

သန်းလှိုင်၊ ပိုင်ဗိုလ်
Eleven Media Group

0 comments:

Post a Comment