Friday, September 28, 2018

အိမ်ထောင်ရေးဖောက်ပြန်မှုကို ပြစ်မှုအဖြစ် မသတ်မှတ်တော့ဟု အိန္ဒိယတရားရုံး ဆုံးဖြတ်


အိန္ဒိယမှာ အိမ်ထောင်ရေးဖောက်ပြန်မှုကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်တော့ဘူး ဆိုပြီး အဆင့်မြင့်တရားရုံးတစ်ခုက စက်တင်ဘာ ၂၇ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
အရင်က ကျူးလွန်သူတွေကို ထောင်ချအပြစ်ပေးခဲ့တဲ့ အဆိုပါ ကိုလိုနီခေတ် သက်တမ်းကြာ ဥပဒေဟာ အခြေခံဥပဒေနဲ့မညီသလို အမျိုးသမီးတွေအပေါ်မှာလည်း ခွဲခြားဆက်ဆံရာ ရောက်တယ်ဆိုပြီး ယခုအခါ ယင်းဥပဒေကို ဖျက်သိမ်းကြောင်း အိန္ဒိယ အဆင့်မြင့်တရားရုံးက ကြေညာလိုက်ပါတယ်။ 

ယင်းဥပဒေဟာ အမျိုးသမီးတွေကို လင်ယောက်ျားပိုင် ပစ္စည်းတစ်ခုလို သတ်မှတ်ရာရောက်တဲ့အတွက် ခုလို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။ 

ရာစုနှစ်ကျော်ထိ ကြာမြင့်ခဲ့တဲ့ ယင်း အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေမှာတော့ လက်ထပ်ပြီးသား မိန်းမတစ်ယောက်နဲ့ ၎င်းရဲ့ ခင်ပွန်းမသိဘဲ ဖောက်ပြန်အိပ်စက်တဲ့ အမျိုးသားတွေကို ယင်းဥပဒေ ကျူးလွန်ကြောင်း သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားပါက ထောင် ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

ယခုအခါမှာတော့ ယင်းဥပဒေဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံရာရောက်လို့ ကျိုးကြောင်း မညီညွတ်ဘူးဆိုပြီး ပယ်ဖျက်ဖို့ စာတင်ကန့်ကွက်ခဲ့ရာကနေ ယခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ 

ဒါဟာ ယင်းနိုင်ငံမှာ တစ်လအတွင်း ဒုတိယမြောက် ဖျက်သိမ်းလိုက်တဲ့ ကိုလိုနီခေတ် ဥပဒေတစ်ခုလည်း ဖြစ်လာပါတယ်။ ပထမ ဖျက်သိမ်းခဲ့တဲ့ ဥပဒေကတော့ နှစ်ပေါင်း ၁၅၇ သက်တမ်းရှိ လိင်တူဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

AFP 
မဇ္ဈိမ

0 comments:

Post a Comment