Friday, September 28, 2018

ရေနံမြေလုပ်သားများ ထောက်ပံ့ကြေးနည်းပါးသည့်ကိစ္စ လက်​မှတ်​​ထိုး ကန့်​ကွက်



မကွေးတိုင်း​ဒေသကြီး၊ ရေနံချောင်းမြို့ရှိ ရေနံအလုပ်သမား ၂၀၀လောက်ဟာ Gold Petrol Myanmar JOC Inc ကုမ္ပဏီက ပေးတဲ့ထောက်ပံ့ကြေး နည်းပါးတဲ့ကိစ္စနဲ့ပတ်သက်လို့ လက်​မှတ်​ရေးထိုး ကန့်​ကွက်​လိုက်ပါတယ်။ 
အဆိုပါ​ရေနံကုမ္မဏီက အလုပ်သမားတွေကို ထောက်ပံ့ကြေးပေးရာမှာ ရေနံထုတ်လုပ်ရေးဌာနနဲ့ ရေနံလုံခြုံရေးဌာနရှိ ဝန်ထမ်းတစ်ဦးလျှင် တလ ထောက်ပံ့ငွေကြေး ၈၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိပေးပြီး ကျန်တခြားဌာနက ၀န်ထမ်းတွေကိုတော့ တစ်ဦးလျှင် တစ်လ ထောက်ပံ့ကြေးငွေ ၁၅၀၀ကျပ်ကနေ ၃၀၀၀ ကျပ် အထိပဲပေးတယ်လို့ အလုပ်သမား တွေကပြောပါတယ်။ 

ရေနံချောင်းရေနံမြေ ရွှေ​ရေနံသာ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းအောင်က “အဓိကကတော့ ထောက်ပံ့ကြေး နည်းတဲ့ကိစ္စပေါ့။ ထောက်ပံ့ကြေးနည်းခြင်း၊ များခြင်း ကိစ္စကလည်း စာချုပ်ပွင့်လင်းမြင်သာမှုကလည်း အများဆုံးသက်ဆိုင်တယ်။ စာချုပ်က ဘယ်လိုတွေ ချုပ်ပြီး ဝန်ထမ်းတွေရဲ့ လူမှုဘဝတိုးတက်ရေး ဘယ်လိုလုပ်ပေးမှာလည်း။ ရေနံထွက်ရှိမှု အကျိုး၊ ကုမ္ပဏီနဲ့ ရေနံဌာန ဘယ်လို အကျိုးအမြတ်ခွဲပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းတွေ ပွင့်လင်းမြင်သာမှုမရှိဘူး ” လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာထံ တင်ပြတောင်းဆိုဖို့ ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက်ရှိ ရွှေ​ရေနံသာ အလုပ်သမားအဖွဲ့ အစည်းအဝေးခန်းမမှာ စက်တင်ဘာ၂၃ ရက်က စတင်ကာ ရေနံ​မြေအလုပ်​သမားတွေက ဆန္ဒခံယူလက်​မှတ်​ထိုးပွဲ ပြုလုပ်ခဲ့ပြီး ဒီကနေ့ အထိ လက်မှတ်ပေါင်း ၂၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်​။ 

လက်​မှတ်​​ရေးထိုးထားတဲ့ စာမှာ အောက်တိုဘာ ၁ ရက်ကစလို့ Gold Petrol Myanmar JOC Inc ​ရေနံကုမ္ပဏီရဲ့ ထောက်​ပံ့ငွေကြေးနဲ့ လုပ်ငန်းခွင်မှာ ကျွေးတဲ့ထမင်းကို ရေနံ ချောင်းရေနံမြေ အလုပ်သမားတွေအနေနဲ့ ဆန္ဒ​အ​လျှောက်​ ခံစားရယူလိုခြင်း မရှိ​တော့ဘူးလို့ ဖော်ပြပါရှိပါတယ်​။ 

ရေနံချောင်းရေနံမြေမှာ တာဝန်​ထမ်း​ဆောင်​​နေကြ​တဲ့ MOGE အရာထမ်းနဲ့ အမှုထမ်း ၇၀၀ လောက်ရှိပြီး ဒီကန့်​ကွက်​စာမှာ ထောက်​ပံ့​ကြေး​ငွေတိုးမြှင့်​​ပေး​ရေးနဲ့ အစားအစာ ​ကောင်းမွန်​​စေ​ရေး (သို့မဟုတ်​) အစားအစာ ကုန်ကျစရိတ်​ကို ​ငွေ​ကြေးအဖြစ်​ ​ပြောင်းလဲ သတ်​မှတ်​​ပေး​ရေး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ဒီကနေ့ ပေးပို့ တင်​ပြ​တောင်းဆို မယ်လို့လည်း ရေနံမြေ အလုပ်သမား ကိုယ်စားလှယ် ဦး​လေးနိုင်က ပြောပါတယ်​။ 

Gold Petrol Myanmar JOC Inc ကုမ္ပဏီဟာ ​ချောက်​-လမ်းရွာ ​ရေနံ​မြေနဲ့ ​ရေနံ​ချောင်း ​ရေနံ​မြေတို့ကို တိုးတက်​ထွက်​ရှိလာ​သော ​ရေနံ​ပေါ်တွင်​ ခွဲ​ဝေခံစား​ရေး စာချုပ်​ (IPRCs) ကို ၁၉၉၆ခု ဧပြီ ၄ ရက်​မှ ၂၀၁၇ ခု ဧပြီ ၄ရက်​အထိ ပထမအကြိမ်​ စာချုပ်​ချုပ်​လုပ်ကိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် ၂၀၁၇ စက်​တင်​ဘာ ၁၅ ရက်​မှ ၂၀၂၈ ဧပြီ ၃ ရက်​အထိ ၁၁ နှစ်​သက်​တမ်းကာလ အတွက်လည်း ဒုတိယအကြိမ်​စာချုပ်​ ချုပ်​ဆိုထား​တယ်လို့ အဆိုပါ ကုမ္ပဏီထံက သိရပါတယ်​။ 

ကိုလင်း(​ချောက်​)

DVB

0 comments:

Post a Comment