Friday, September 28, 2018

ပလတ်စတစ်ထိုင်ခုံ ၁ လုံး ၇ သောင်းကျပ်ဟု မှားယွင်းဖော်ပြမိကြောင်း စီမံဘဏ္ဍာဝန်ကြီးပြော



၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပလတ်စတစ်ကုလားထိုင်တလုံး ၇ ထောင်ကျပ်အစား ၇ သောင်းကျပ်လို့ စာရင်းမှားယွင်း ဖော်ပြခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ 
စက်တင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးက အခုလို ပြောကြားထားတာပါ။ 

ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက “မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝယ်မှာက အလုံး ၂၅ဝ ပါ။ တလုံးကို ၇ သောင်းကျပ်ဟာ မှားယွင်းနေပါတယ်လို့ ကျနော့်ကို လာတင်ပြပါတယ်။ တလုံးကို ၇ ထောင်ကျပ်ပဲ ကျသင့်ပါတယ်။ မှားယွင်းထည့်သွင်းမိတာပါ” လို့ ပြောပါတယ်။ 

အခုလို မှားယွင်းခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။ 

စက်တင်ဘာ ၂၆ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အင်းစိန်မြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းရဲ့ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်မှာ ပလတ်စတစ်ကုလားထိုင် (ယိုးဒယား) ခေါင်းစဉ်နဲ့ တလုံးကို ကျပ် ၇ သောင်း စာရင်းပြထားတာဟာ များနေတယ်” လို့ ထောက်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


DVB

0 comments:

Post a Comment