Sunday, September 2, 2018

ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက်နှင့် မကွေးတိုင်းဒေသကြီး (ပေါက်၊ မြိုင်) ဒေသတို့တွင် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့မှ ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ


ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက်နှင့် မကွေးတိုင်းဒေသကြီး (ပေါက်၊ မြိုင်) ဒေသတို့တွင် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့က တင်ပြခဲ့သည်။ 
သြဂုတ် ၃၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးယူရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြသည်။ 

အဆိုပါ ချေးငွေများဖြင့် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်ဒေသနှင့် မကွေးတိုင်းဒေသကြီး ပေါက်၊ မြိုင် ဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။ 

IFAD ၏ ချေးငွေဆိုင်ရာစည်း ကမ်းသတ်မှတ်ချက်များအရ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ အနှစ် ၃၀၊ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၄၀ ဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ၀ ရာခိုင်နှုန်းဖြစ်ပြီး ၀န်ဆောင်ခအဖြစ် တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေ၏ Grant Element တွက်ချက်ရာတွင် ၅၈ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ် သည့်အတွက် သက်သာမှုရှိသော ချေးငွေဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IFAD ထံမှ ချေးငွေနှစ်ခု ရယူထားပြီး ယခုချေးငွေမှာ တတိယမြောက် ချေးငွေဖြစ်ကြောင်း၊ ယင်းစီမံကိန်းမှာ IFAD ချေးငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း၊ IFAD ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၇၈ သန်း၊ အစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၉၄ သန်း၊ Implementing Partners နှင့် Private Sector တို့မှ ထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၃ သန်း၊ Development Partners များမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၁ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၂၅၇ သန်းဖြင့် ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

Eleven Media Group

0 comments:

Post a Comment