Monday, September 3, 2018

အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်းဆို၍ ထောင်ကျခဲ့သော သံဃာတော် ၆ ပါး ပြန်လည်လွတ်မြောက်


အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်းဆိုခဲ့၍ ထောင်ကျခံခဲ့ရသော သံဃာတော် ၆ ပါး အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ 
မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးတွင် သပိတ်စခန်းဖွင့်ကာ အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်းဆိုခဲ့၍ ထောင်ကျခံခဲ့ရသည့် သံဃာတော် ၆ ပါးသည် စက်တင်ဘာလ ၃ ရက်၊နံနက်ပိုင်းက အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၇ခုနှစ်၊သြဂုတ်လ ၂ ရက်နေ့က သပိတ်စခန်းစတင်ဖွင့်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် သက်ဆိုင်ရာ အဖွဲ့မှ ရှင်းလင်းဖယ်ရှားဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်အရေးယူခဲ့ကာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ချမ်းမြ သာစည်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ခြောက်လ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

"ဦးဇင်းတို့ကတော့ ကိုယ့်အမျိုးဘာသာ မပျောက်ပျက်ရေး ကာကွယ်စောင့်ရှောက်သွားမယ်။ အခုလိုမတရား ဖမ်းဆီးခံထောင်ချတာကလည်း ဒီမိုကရေစီအစိုးရဆိုပြီး တက်လာတဲ့ အစိုးရက ပြည်သူပြည်သားတစ်ယောက် ရဲ့ လွတ်လပ်ခွင့်၊ဟောပြောခွင့်၊ ရေးသားထုတ်ဝေခွင့်တွေအားလုံးကို ပိတ်ပင်တာဟာ ဒီမိုကရေစီအစိုးရမဆန်ပဲ စစ်အစိုးရပုံစံဖြစ်နေတယ်။"ဟု ပြန်လည်လွတ်မြောက်လာသည့် တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇ ကမိန့်ကြားသည်။ 

ယနေ့ လွတ်မြောက်လာသည့် သံဃာတော်များအနေဖြင့် သဘာဝဘေးကြုံတွေ့နေရသည့် ဒေသများကို သွားရောက်ကူညီသွားမည်ဟု သိရပြီး သပိတ်စခန်းဖွင့်စဉ်က ပါဝင်ခဲ့၍ ဖမ်းဝရမ်းထုတ်ခံထားရသည့် သံဃာ ၂ ပါးနှင့်လူပုဂ္ဂိုလ် ၄ ဦးတို့၏ ဖမ်းဝရမ်းပယ်ဖျက်ပေးရေးအတွက်လည်း တောင်းဆိုမှုများ လုပ်သွားမည်ဟု ဆိုကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment