Friday, September 28, 2018

မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ စွဲဆိုချက်များကို ပြင်ဆင်ရန် ဘုတ်အဖွဲ့ ဖွဲ့စည်းရေးကို ကုလသမဂ္ဂ၌ မဲခွဲရာ အပြတ်အသတ် အနိုင်ရ

ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲမှုများ ဖြစ်ပေါ်နေသည့်အကြား မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ စွဲဆိုချက်များကို ပြင်ဆင်ရန် ဘုတ်အဖွဲ့ ဖွဲ့စည်းရေးကို ကုလသမဂ္ဂ၌ စက်တင်ဘာ ၂၇ ရက်တွင် မဲခွဲရာ အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် အဆိုးရွားဆုံး နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများနှင့်ပတ်သက်၍ အထောက်အထားများကို စုဆောင်းရန်၊ ခိုင်မာအောင် စုစည်းရန်၊ ထိန်းသိမ်းရန်နှင့် သုံးသပ်ရန် လွတ်လပ်သည့် လုပ်ငန်းစဉ်တစ်ရပ် ထူထောင်ရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂ (EU) နှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပူးပေါင်းရေးသားထားသည့် ဆုံးဖြတ်ချက်တွင် ယခုဖွဲ့စည်းမည့် ဘုတ်အဖွဲ့သည် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် သို့မဟုတ် နိုင်ငံတကာအဆင့် တရားရုံးများ သို့မဟုတ် ခုံရုံးအဖွဲ့များ၌ တရားမျှတ၍ လွတ်လပ်သော ရာဇ၀တ်ကြောင်းဆိုင်ရာ လုပ်ငန်းစဉ်များအား အထောက်အကူပြုရန်နှင့် သွက်လက်မြန်ဆန်စေရန်အလို့ငှာ စွဲဆိုချက်များ ပြင်ဆင်ရန်အတွက် တာဝန်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၃၅ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ဘူရွန်ဒီနိုင်ငံတို့ကသာ ကန့်ကွက်ခဲ့ကြသည်။ ကျန်နိုင်ငံများကမူ မဲပေးခြင်း မပြုခဲ့ပေ။
လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက စတင်ခဲ့သည့် မြန်မာတပ်မတော် စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးခဲ့ကြရသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား အသေးစိတ် ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ယခုလအစောပိုင်းက လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ စာမျက်နှာ ၄၄၄ မျက်နှာ ပါဝင်သည့် အစီရင်ခံစာက မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားထိပ်တန်းတပ်မတော်ခေါင်းဆောင် ငါးဦးကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် လုံလောက်သည့် အထောက်အထားများရှိကြောင်း ကောက်ချက်ချခဲ့သည်။
တစ်ခါတစ်ရံတွင် ဒေသခံ ရခိုင်တိုင်းရင်းသား လူရမ်းကားများပါ ပူးပေါင်းပါဝင်လျက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တွေးကြည့်၍ပင် မရနိုင်လောက်သော အကြမ်းဖက်မှုအဆင့်များကို အသုံးပြုလျက် လူ့အသက်ကို လုံးဝဂရုမစိုက်သော ပုံစံမျိုးဖြင့် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ မီးရှို့မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်ခဲ့ကြသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချခဲ့သည်။
မြန်မာနိုင်ငံအပေါ် နောက်ထပ် ဖိအားပေးမှုအဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) က မြန်မာနိုင်ငံသည် ICC သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သော်လည်း အကြိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ၎င်းတို့၌ အခွင့်အာဏာရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်သည့် ဆုံးဖြတ်ချက်တွင် ICC ၏ ဖော်ပြပါ ဆုံးဖြတ်ချက်ကို ဂရုပြုဖော်ပြထားပြီး မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နောင်စုံစမ်းစစ်ဆေးမှုများတွင် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်တစ်ရပ်အား ICC သို့ တောင်းဆိုထားသည်။
ယခု ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို နောက်ထပ်လုပ်ငန်းစဉ်အသစ်တစ်ရပ် မစတင်မီအထိ သက်တမ်းတိုးထားသင့်ကြောင်းလည်း ပြောကြားထားသည်။
စက်တင်ဘာ ၂၇ ရက်က ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေဖြင့် ၎င်းတို့ဘာသာ ယင်းကဲ့သို့သော လုပ်ငန်းစဉ်မျိုး ထူထောင်သည့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
၂၀၁၆ ခုနှစ်နှောင်းပိုင်းက ဆီးရီးယားရှိ စစ်ရာဇ၀တ်မှုများကို တရားစွဲဆိုရန်အတွက် အမှုတည်ဆောက်ရန် အလားတူ ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှု ခံယူခဲ့ရသည်။

Ref: AFP
Eleven Media Group

0 comments:

Post a Comment