Friday, September 28, 2018

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၀ ဖြင့် တရားစွဲခံရသူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၀ ဖြင့် တရားစွဲခံရသူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် ပြုလုပ်သည့် ၁၇ ကြိမ်မြောက် ရုံးချိန်းတွင် ဦးအောင်ကိုကိုလွင်အား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“မွန်ပြည်နယ်ဝန်ကြီးချုပ်က အားမနာတမ်း ပြောကြပါဆိုလို့ ၀န်ကြီးချုပ်နဲ့ သထုံမြို့သူ၊ မြို့သားတွေတွေ့ဆုံပွဲမှာ သထုံမြို့ကောင်းဖို့ မြို့ခံ ၁၀ ယောက်လောက်က တင်ပြကြတယ်။ ကျွန်တော်လူမှုကွန်ရက်မှာ ရေးသားထားတာကလည်း ၀န်ကြီးချုပ်ကို တိုက်ခိုက်လိုစိတ်မဟုတ်ဘဲ အပြုသဘောနဲ့ ရေးသားထားပါ။ အခုလို အမိန့်ချခံရတာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ကန့်သတ်ခံရတာလို့ ယူဆတယ်။ ကျွန်တော်ကို တရားစွဲတဲ့ ပုဒ်မကလည်း နိုင်ငံသားတွေအတွက် ထုတ်တာလို့ ယူဆတယ်။ ဒါပေမဲ့ ဒီဥပဒေဟာ နိုင်ငံသားတွေကို ပြန်တရားစွဲဖို့ ဖြစ်လာပြီးလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု ဦးအောင်ကိုကိုလွင်က ပြောကြားသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် သထုံမြို့နယ် ပြည်သူလူထု တွေ့ဆုံပွဲကို ဇန်န၀ါရီ ၃ ရက်က ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ဦးအောင်ကိုကိုလွင်က သထုံမြို့မဈေး လျှပ်စစ်မီးအသုံးပြုခွင့်ရရေး၊ သထုံမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း ရထားလမ်းကွေ့နားတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားသဖြင့် အချက်ပြမီးများ ပြုလုပ်ပေးရန် တင်ပြခဲ့သော်လည်း မွန်ဝန်ကြီးချုပ်က ၎င်းတင်ပြသည်များကို သဘောထား မှတ်ချက်မပေးခဲ့ခြင်းကြောင့် ဇန်န၀ါရီ ၆ ရက်တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ရေးသားခဲ့ခြင်းမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေသော ပုတ်ခတ်ခြင်း၊ ထိခိုက်စေသော နည်းလမ်းများဖြင့် ဆောင်ရွက်သဖြင့် မြို့၏ဂုဏ်သိက္ခာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပြည်နယ်မှတာဝန်ရှိသူများ၏ ဆောင်ရွက်လုပ်ကိုင်နေမှုများကို အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း၊ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကြောင့် ၎င်းအားနိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေအရ အရေးယူပေးပါရန် သထုံမြို့ သိမ်ကုန်းရပ်ကွက်နေ ဦးစောကျော်မိုး (၄၃ နှစ်) မှ သထုံမြို့မရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

0 comments:

Post a Comment