KMIC ချေးငွေနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြည့်စုံရှင်းလင်းစွာ တင်ပြမှသာ မှန်ကန်သည့်ဆုံး ဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း ဇလွန်မြို့နယ်အမတ် ဦးအောင် မင်းက ယမန်နေ့၌ ပြောကြားသည်။
အမျိုးသားညီလာခံကျင်းပရာ လှည်းကူးမြို့နယ် ညောင် နှစ်ပင်၌ အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (KMIC)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်းများ ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံ EXIM Bank of Korea ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးယူရန်ကိစ္စကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးစဉ် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
‘‘ချေးငွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို ရှင်းလင်းတင်ပြရ တဲ့ ပြည်ထောင်စုဝန်ကြီးဌာနအ နေနဲ့ သမ္မတရဲ့ သဝဏ်လွှာမှာပါ တဲ့ အချက်အလက်တွေကိုပဲ ပြန် ရှင်းပြနေရုံနဲ့ မလုံလောက်ပါဘူး’’ ဟု ဦးအောင်မင်းက ပြည်ထောင် စု လွှတ်တော်သို့ ပြောသည်။
အထက်ပါချေးငွေနှင့်ပတ်သက်၍ သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားရာလွှတ်တော်အမတ်ကိုးဦး က ယမန်နေ့တွင် ဆွေးနွေးပြီး အသေးစိတ်အချက်အလက်များ မပါရှိ၍ သိရှိလိုကြောင်း ကိုယ် စားလှယ်အချို့က မေးခွန်းထုတ် သည်။
‘‘ပြည့်စုံတဲ့အချက်အလက်နဲ့ စာရွက်စာတမ်းတွေ မပါရှိပါဘူး။ ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းဆို တာ လက်ရှိငွေနဲ့ဆို မြန်မာကျပ် ၉၀ ဘီလီယံဖြစ်လို့ ကျွန်မတို့နိုင်ငံ အတွက် များပြားတဲ့ ပမာဏဖြစ် ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် လွှတ်တော်မှာ မကြာခဏ ထောက်ပြဆွေးနွေးကြသလိုပဲ။ ဒီလိုပမာဏကြီးမားတဲ့ ချေးငွေတွေရယူတဲ့အခါ အသုံးပြုတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ အသုံးပြုဖို့၊ အမှန်တကယ် အကျိုးရှိဖို့ အင်မတန်လိုအပ်ပါတယ်’’ ဟု ဂန့်ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။
မြေ ၅၅၈ ဧက ပေါ်တွင် အ ကောင်အထည်ဖော်ဆောင်ရွက် မည့် ယင်းစီမံကိန်းကို တောင်ကို ရီးယားနိုင်ငံအား မည်သည့်နှစ်အ ထိ ခွင့်ပြုပေးထားပြီး ဖက်စပ် ဆောင်ရွက်မည့် ကိုရီးယားကုမ္ပ ဏီနှင့် မည်သို့ သဘောတူညီချက် ရယူထားသည်ကို သိလိုကြောင်း ၎င်းကမေးမြန်းဆွေးနွေးသည်။
KMIC စီမံကိန်းတွင် တောင် ကိုရီးယား ကုမ္ပဏီနှစ်ရာခန့်လာရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းငါးသောင်းမှ တစ်သိန်းခန့်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသော်လည်း သေချာမှု၊ ခိုင်မာမှုအနေအထားများကို သိလိုကြောင်း ဒေါ်ယဉ်မင်းလှိုင်က ဆက်လက်ပြောသည်။
ယင်းစီမံကိန်း စတင်အ ကောင်အထည်ဖော်ပါက အမျိုး သားညီလာခံ ကျင်းပခဲ့သော နေရာအပါအဝင် အဆောက်အအုံ ၅၄ လုံးကို ဖြိုဖျက်မည်လား၊ ဆက်လက်ထားရှိမည်လား၊ ညောင်နှစ်ပင်စက်မှုဇုန် စီမံကိန်းကို ဖျက်သိမ်းမည်လား၊ ဆက်လက်ထားရှိမည်လား၊ ယခုစီမံကိန်းနှင့် ချိတ်ဆက်မည်လားဆိုသည်နှင့် Eco Green City စီမံကိန်းကို ဖျက်သိမ်းမည်လား၊ ချိတ်ဆက်ဆောင်ရွက်မည်လားဆိုသည်ကို ရှင်းလင်းစွာ သိရှိလိုကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) အမတ် ဦးနေကျော်က မေးမြန်းဆွေးနွေးသည်။
အဆိုပါ စီမံကိန်းအတွက် ၂၀၁၅ ကတည်းက လေ့လာဆန်း စစ်ခဲ့သော်လည်း Logistic (ထောက်ပံ့ပို့ဆောင်ရေး) ကို ထိုးဖောက်စဉ်းစားမှုမျိုး မတွေ့ရကြောင်းနှင့် သီလဝါစက်မှုဇုန် စီမံကိန်း အတွေ့အကြုံအရ ပို့ကုန်တိုးမြှင့်လာရေး မည်သို့ ဆောင်ရွက်မည်၊ စက်ရုံနှစ်ရာ၏ အခွန်အခ (တစ်နှစ်) ဒေါ်လာ ၁၀ သန်းမည်သည့်အချိန်တွင် ရရှိမည်ကို မသိရကြောင်း ဇလွန်အမတ်ဦးအောင်မင်းက ပြောသည်။
‘‘နောက်ဆုံး ထောက်ပြလို တဲ့အချက်က KMIC ကို ကိုရီး ယားသမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံ ဟာ ဘယ်လိုအမျိုးအစားနဲ့ ရရှိ မှာလဲ၊ အကျိုးအမြတ် ဘယ်လိုခွဲ ဝေမှာလဲ၊ ဒါတွေလုံးဝရှင်းလင်း တင်ပြထားတာ မတွေ့ရပါဘူး’’ ဟု ၎င်းကဆိုသည်။
ချေးငွေသည် အတိုးနှုန်း နည်းပါး၍ ချေးသင့်ချေးထိုက် သော ချေးငွေတစ်ရပ်အဖြစ် ပါ ဝင်ဆွေးနွေးသည့် လွှတ်တော်အ မတ်အများစုက ထောက်ခံသည်။
ချေးငွေအတိုးနှုန်းသည် သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် စုစုပေါင်း နှစ် ၄၀ သက်တမ်းဖြစ်သည်။
ယင်းချေးငွေနှင့် ပတ်သက် ၍ စက်တင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းရန် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ လျာထားသည်။
7Day
0 comments:
Post a Comment