ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများပိုင်ဆိုင်သည့်လယ်ယာမြေများနှင့် ဘင်္ဂလီများပိုင်ဆိုင်သည့် လယ်ယာမြေများကို ကွဲကွဲပြားပြား သိစေရန်အတွက် သြဂုတ်လ တတိပတ်ကစတင်ပြီး စာရင်းကောက်ယူနေပြီဖြစ်သည်ဟု ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးကျော်လွင်ပြောသည်။
မောင်တောဒေသတွင် နိုင်ငံသားဘင်္ဂလီများသာ လယ်ယာပိုင်ဆိုင်မှုများရှိပြီး နိုင်ငံသား မဟုတ်သော ဘင်္ဂါလီ များမှာ လယ်ယာမြေများကို ပိုင်ဆိုင်မှုမရှိဘဲ ယာယီငှားရမ်းလုပ်ကိုင်နေခြင်း၊အစိုးရကို အခွန်ပေးသွင်းကာ တရားဝင်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဦးကျော်လွင်က ဆိုသည်။
“(နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂလီတွေ) လုပ်ကိုင်စားသောက်နေတာမှန်တယ် ။ သို့သော် တရားဝင်ပိုင်တာ မဟုတ် ဘူး။ အဓိက တရားဝင်ပိုင်တယ်ဆိုတာ နိုင်ငံသားမှ ပိုင်လို့ရတာ။ သူတို့ဟာ နိုင်ငံတော်ကို အခကြေးငွေပေးပြီး လုပ်စားနေတာ။ တိုင်းရင်းသားတွေကျတော့ နိုင်ငံတော်မှ မြေကို ပုံစံ( ၇) အရ တရားဝင် ပိုင်ဆိုင်ခွင့်ပေးထား တယ် ။ဘင်္ဂလီတွေကိုကျတော့ ဒီနိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့် တရားဝင်ပိုင်ဆိုင်ခွင့်ထုတ်မပေးဘူး ယာယီကတော့ အခွန်ခပေးရင်လုပ်စားလို့ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မောင်တောဒေသတွင် နိုင်ငံသားမဟုတ်သည့် ဘင်္ဂလီများသည် လယ်ယာမြေပိုင်ဆိုင်မှုများရှိနေပြီး အစိုးရက ဖြေရှင်းရန် လိုအပ်သည်ဟု မောင်တောမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းက ဝေဖန် သည်။
ယင်းဝေဖန်မှုများသည် ထင်မြင်ချက်များသာဖြစ်ပြီး နိုင်ငံသားမဟုတ်သူများလယ်ယာပိုင်ဆိုင်မှုမရှိကြောင်း အခိုင်အမာပြောနိုင်သည်ဟု ဝန်ကြီးဦးကျော်လွင်က ပြန်လည်တုံ့ပြန်သည်။
“ဘာလို့ ခိုင်ခိုင်မာမာ ပြောနိုင်လဲဆိုရင် ဒီဘက်(အစိုးရဘက်)မှာက လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှိတယ်။ သူတို့က ကိုယ့်ဒေသအခြေအနေကို အားလုံးသိတယ် ”ဟု ၎င်းကဆိုသည်။
နိုင်ငံသားမဟုတ်သူများသည် တော၊တောင်များတွင် တရားမဝင်လယ်ယာမြေများ လုပ်ကိုင်နေကြောင်း တိုင်ကြားချက်များရှိလျှင် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက သိရသည်။
Development Media Group
0 comments:
Post a Comment