Friday, September 28, 2018

အမေရိကန်က လည်ပင်းကို ဓားထောက်ထားသောကြောင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ခက်ခဲဟု တရုတ်ပြော


တရုတ်လည်ပင်းကို ဝါရှင်တန်က ဓားထောက်နေသောကြောင့် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ အောင်မြင်ရန် ခက်ခဲနေသည်ဟု နှစ်ဖက်စလုံး အပြန်အလှန် အခွန်များချမှတ်ပြီး နောက်တစ်နေ့တွင် တရုတ်အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မည်သည့်အချိန်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်မလဲဆိုသောကိစ္စသည် အမေရိကန်အပေါ်တွင် မူတည်နေသည် ဟု ကုန်သွယ်ရေး ဒုတိယဝန်ကြီးဝမ်ရှိုဝင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယီကလည်း အမေရိကန်ရှိအချို့အုပ်စုများသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး၊ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသော စွပ်စွဲမှုများ ပြုလုပ်နေကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေကြောင်းနှင့် ထိုအတွက် တာဝန်ယူမှုလည်းမရှိကြောင်း နယူးယောက်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“ဒီလိုသာဆက်ဖြစ်နေရင် လွန်ခဲ့တဲ့ နှစ်လေးဆယ်အတွင်း ရရှိခဲ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးအသီးအပွင့်တွေကို တစ်ခဏအတွင်း ဖျက်ဆီးပစ်လိမ့်မယ်”ဟု ဝမ်ယီက အမေရိကန်-တရုတ် စီးပွားရေးကောင်စီနှင့် အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီတို့မှ အဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

ပိုမိုပြင်းထန်လာသောအငြင်းပွားမှုတွင် ဝါရှင်တန်နှင့် ဘေဂျင်း နှစ်ဖက်စလုံးက အလျှော့ပေးမည့်ပုံ မရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်စေမည့် ကာလရှည် ပဋိပက္ခဖြစ်မည့် အန္တရာယ်ရှိနေသည်။

တနင်္လာနေ့တွင် အမေရိကန်က တရုတ်ကုန်စည် ဒေါ်လာဘီလီယံ ၂၀၀ ဖိုးကို အခွန်ချမှတ်လိုက်ပြီး ဘေဂျင်းကလည်း LNG ဓာတ်ငွေ့အပါအဝင် အမေရိကန်ထုတ်ကုန် ဒေါ်လာဘီလီယံ ၆၀ ဖိုးကို လက်တုံ့ပြန် အခွန်ချမှတ်လိုက်ရာ ကမ္ဘာ့ငွေကြေးဈေးကွက်များကို တုန်လှုပ်သွားစေခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီက တနင်္လာနေ့တွင် ထုတ်ပြန်သောကြေညာစာတမ်းတွင် ဝါရှင်တန်သည် ကုန်သွယ်ရေး အနိုင်ကျင့်မှုကို ပြုလုပ်နေပြီးအခြားနိုင်ငံများအား ၎င်း၏အလိုကို လိုက်နာစေရန် ခြိမ်းခြောက်နေသည်ဟု ဖော်ပြခဲ့သည်။

ဘေဂျင်း၏ တနင်္လာနေ့ကဝေဖန်မှုများသည် နောက်ထပ်ညှိနှိုင်းရန် ကြိုးစားနေခြင်းထက် လက်ရှိအမေရိကန်အစိုးရ ထွက်သွားသည်ကို စောင့်ဆိုင်းရန် လိုလားကြောင်း ညွှန်ပြနေသည်ဟု မီဇူဟိုဘဏ်က ဖောက်သည်များထံ မှတ်ချက်ပေးပို့ခဲ့သည်။

“လက်ရှိ ဖြစ်ပေါ်မှုများအရ နှစ်ဖက်စလုံးသည် တစ်ဖက်ဖက်တွင် နိုင်ငံရေးအခြေအနေ သိသိသာသာ ပြောင်းသွားသည့်အချိန်အထိ ဆွေးနွေးမှုများကို ပြန်စမဘဲ ဆိုင်းငံ့ထားကြမည့် အလားအလာရှိသည်”ဟု မှတ်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သောလများအတွင်း တရုတ် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှုများသည် တိုးတက်မှု မရှိခဲ့သည့်အပြင် ဝါရှင်တန်သို့ ကိုယ်စားလှယ်အဖွဲ့ မလွှတ်ရန် ဘေဂျင်းက ဆုံးဖြတ်လိုက်သောကြောင့် လာမည့်သီတင်းပတ်များအတွင်း စီစဉ်ထားသော ဆွေးနွေးမှုများကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

The Voice


0 comments:

Post a Comment