Friday, September 28, 2018

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခများ ကောက်ခံမည်



ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၅ ဇုန်နေရာတွင် အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။ 
ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့် အမည်တပ်လမ်းများ၏ ယာဉ်ရပ်နား ကန့်သတ်ဇုန်များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများ အငှားချထားရန် လုပ်ငန်းရှင်များသို့ ဈေးပြိုင် တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ပြီး ဇုန် ၈ ဇုန်အတွက် တင်ဒါခေါ်ယူရာတွင် ဇုန် ၅ ဇုန်သာ တင်ဒါအောင်မြင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“မြို့တွင်း ၆ မြို့နယ်မှာ တင်ဒါခေါ်တာ ၅ ခုပဲ အောင်တယ်။ ၃ ခုက မအောင်လို့ တင်ဒါပြန်ခေါ်ဖို့ သတင်းစာထဲပြန်ထည့်မယ်။ လုပ်ငန်းရှင်ငါးယောက် တင်ဒါအောင်တဲ့ ငါးနေရာက စာချုပ်ချုပ်ပြီး ငွေသွင်းပြီးပြီဆိုရင် အောက်တိုဘာ ၁ ရက်နေ့ စကောက်မယ်။ မအောင်တဲ့သုံးနေရာကတော့ မကောက်သေးဘူး။ တင်ဒါပြန်ခေါ်ပြီး ပြန်ကြေညာပေးမယ်”ဟု ဦးသန်းက ဆိုသည်။ 

တင်ဒါအောင်မြင်ထားသူများအနေနှင့် ခြောက်လစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး ပထမခြောက်လတွင် Manual စနစ်ဖြင့် စာရွက်ဖြတ်ပိုင်းဆုတ်ကာ ကောက်ခံမည်ဖြစ်ကြောင်းနှင့် ဒုတိယခြောက်လတွင် Smart Parking ကတ်စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးထံမှ သိရသည်။ 

ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် ခြောက်မြို့နယ်အတွင်း မော်တော်ယာဉ်ရပ်နားခ တစ်နာရီကို နှစ်ရာကျပ်နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အချိန်၏ ပြင်ပအချိန်များကို လတ်တလော အခြေအနေတွင် အခမဲ့ရပ်နားခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေးကားပါကင်နေရာများတွင် ရပ်နားသော မော်တော်ယာဉ်များကို ယာဉ်တစ်စီးလျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် မည်သည့်ပုဂ္ဂလိကလုပ်ငန်းကိုမျှ ကားပါကင်ရပ်နားခ ကောက်ခံခွင့်မပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

ယခုလက်ရှိ အထပ်မြင့်ကားပါကင် တည်ဆောက်ထားသည့်နေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံတို့တွင် ကားပါကင် ကောက်ခံခွင့် တရားဝင်ခွင့်ပြုထားပြီး အခြားသောနေရာများကို ကောက်ခံမှုရပ်ဆိုင်းထားသည်မှာ ၃ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။



The Voice

0 comments:

Post a Comment