Monday, September 3, 2018

အမြတ်ဝေစု ခွဲဝေပေးမှုများကြောင့် စတော့အိတ်ချိန်း၏ သြဂုတ်လ အရောင်းအ၀ယ်ဖြစ်မှု ယခုနှစ်အတွင်း အများဆုံးအဖြစ် ဆက်လက်ဖြစ်ပေါ်


အမြတ်ဝေစုများ ခွဲဝေပေးမှုကြောင့် ရန်ကုန်စတော့အိတ်ချိန်း၏ ဇူလိုင်လ အရောင်းအ၀ယ်ဖြစ်မှု ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၂၃ ဘီလျံကျော် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ်လတွင်လည်း ဆက်လက် မြင့်တက်ခဲ့ကာ ယခုနှစ်ရှစ်လအတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ လစဉ်အရောင်းအ၀ယ်ဖြစ်မှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။ 
FMI ၏ ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၁၀၀ နှင့် အစုရှယ်ယာ ၂၀ လျှင် ရှယ်ယာတစ်စု Bonus Share ခွဲဝေပေးမှု၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၃၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၀၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၂၀၀ နှင့် TMH ရှယ်ယာ တစ်စု ကျပ် ၂၀၀ အမြတ်ခွဲဝေပေးမည်ဟု ကြေညာခဲ့မှုများကြောင့် ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အမြတ်ဝေစုများ ခွဲဝေပေးနေသည့် ဇူလိုင်နှင့် သြဂုတ်လများတွင် အရောင်းအ၀ယ် အများဆုံးဖြစ်ပေါ်နေခြင်း ဖြစ်သည်။ 

ထိုသို့အရောင်းအ၀ယ်ဖြစ်မှု မြင့်တက်လာသော်လည်း ၂၀၁၈ ခုနှစ်အတွင်း စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှုမှာ ယခင်နှစ်များထက် ကျဆင်းမှု ဖြစ်ပေါ်နေသည်။ 

သြဂုတ်လအတွင်း အမြတ်ဝေစုခွဲဝေမှုများနှင့်အတူ FMI ကုမ္ပဏီက ရှယ်ယာအစု နှစ်ဆယ်ပိုင်ဆိုင်သူများကို Bonus Share တစ်စုပေးကာ အပိုဆု ၁,၂၈၇,၆၇၁ ခွဲဝေပေးကာ အစုရှယ်ယာတစ်စု တန်ဖိုးကို ဈေးကွက်အတွင်း နောက်ဆုံးအရောင်းအ၀ယ် ဖြစ်နေသည့် ကျပ် ၁၁၅၀၀ ထက် ကျပ် ၁၀၀၀ လျှော့ချပြီး ရှယ်ယာ ၁၂ သိန်းကျော် တိုးမြှင့်မှု ပြုလုပ်ခဲ့မှုများလည်း ရှိခဲ့သည်။ 

ရန်ကုန်စတော့အိတ်ချိန်း သုံးနှစ်ကျော် သက်တမ်းအတွင်း အစုရှယ်ယာ အရောင်းအ၀ယ်ဖြစ်မှု စံချိန်တင် အနည်းဆုံးအဖြစ် ယခုနှစ် ဇွန်လတွင် ကျပ်သိန်း ၆၆၆၀ ကျော်သာ အရောင်းအ၀ယ်ဖြစ်မှုနှင့် စံချိန်တင်ထားပြီး အများဆုံး အရောင်းအ၀ယ်ဖြစ်သည့် ကာလမှာ စတင်ရောင်းချသည့် ၂၀၁၆ ခုနှစ် မတ်လဖြစ်ကာ FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ် ၂၄ ဘီလျံကျော်ဖိုး ရောင်းချထားသည်။ 

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများမှာ စက်တင်ဘာ ၃ ရက် အရောင်းအ၀ယ် ဖြစ်ပေါ်မှု၌ FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၅၀၀၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၈၅၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၆၀၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၄၅၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၇၅၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်နေသည်။

Eleven Media Group

0 comments:

Post a Comment