Tuesday, May 28, 2019

ယူကရိန်းသမ္မတသစ် ဇေလန်စကီ စစ်တပ်အခြေစိုက်စခန်းများ သွားရောက်ကြည့်ရှု


ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇေလန်စကီဟာ မေလ ၂၇ ရက်နေ့က နိုင်ငံအရှေ့ပိုင်းက လူဟန့်စ်ဒေသမှာရှိတဲ့ စစ်တပ် အခြေစိုက်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ 
ဒါဟာ ဇေလန်စကီအနေနဲ့ သမ္မတရာထူး ရပြီးကတည်းက လူဟန့်စ်ဒေသကို ပထမဆုံး ခရီးစဉ်ပါ။ 
သမ္မတ ဇေလန်စကီဟာ ကတုတ်ကျင်းတွေ တူးထားတဲ့ နေရာကို သွားရောက်လေ့လာပြီး စစ်သားတွေ၊ အရာရှိတွေနဲ့ နှုတ်ဆက်နေတဲ့ ရုပ်သံဖိုင်ကို သမ္မတရုံး သတင်းပြန်ကြားရေးက ထုတ်ဖော်ပြသခဲ့ပါတယ်။ 
ဒီနေရာဟာ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံလို့ တကိုယ်တော် ကြေညာထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ တပ်စွဲထားတဲ့နေရာနဲ့ မီတာ ရာဂဏန်းပဲ ဝေးပါတယ်။ 
ယူကရိန်းနိုင်ငံမှာ ရုရှားကိုလိုလားတဲ့ သမ္မတတယောက် ရာထူးဖြုတ်ချခံခဲ့ရတဲ့ ၂၀၁၄ ခုနှစ်က နိုင်ငံအရှေ့ပိုင်းက လူဟန့်စ်ဒေသနဲ့ ဒန်ညက်စ်ဒေသတို့မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရကို တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ 
ရုရှားကလည်း ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသူပုန်တွေကို စစ်ရေးအထောက်အပံ့ ပေးခဲ့တယ်လို့ သက်သေအထောက်အထားတွေကို စုစည်းပြီး ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရုရှားကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။ 
ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ ယူကရိန်းသမ္မတ ရာထူးအပ်နှင်းပွဲ အခမ်းအနားမှာ ဇေလန်စကီက နိုင်ငံအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ အဓိကဦးစားပေး လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 
ရုရှားအနေနဲ့ ယူကရိန်းရဲ့ နယ်မြေတွေကို ပြန်ပေးပြီး စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမှသာ ရုရှားနဲ့ ဆွေးနွေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment