Tuesday, May 28, 2019

ကာမိုင်းကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရသည့် ကျေးရွာသုံးရွာကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောမြေ အဖြစ်မှပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်


မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရမှုနှင့်ပတ်သက်၍ ခွင့်ပြုချက်ရရှိပါက လုပ်ထုံး လုပ်နည်းများနှင့်အညီ သစ်တောဥပဒေပုဒ်မ(က)နှင့် (ခ)အရ သစ်တော မြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မေလ ၂၈ ရက်တွင်ပြောသည်။ 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကာမိုင်းကြိုးပြင် ကာကွယ်တောဧရိယာ ၂၅၆၀ဝ ဧကသည်ဝန်ကြီးဌာန၏ ၂၉.၁၂.၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၁/၉၉) ဖြင့် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ 
၂၀၁၃ ခုနှစ်တွင် သစ်တောနယ်မြေများအတွင်း နှစ်ကာလ အတိုင်းအတာ တစ်ခုအထိ ဝင်ရောက် အခြေချနေထိုင်သည့် စာရင်းကောက်ယူခဲ့စဉ်က မိုးကောင်းမြို့နယ်၊ ကာမိုင်းကြိုးပြင် ကာကွယ်တော အတွင်း ဝင်ရောက်အခြေချနေထိုင်မှုစာရင်းများကို လုံခြုံရေး အခြေအနေအရ ကောက်ယူ နိုင်ခဲ့ခြင်းမရှိကြောင်း၊ ကာမိုင်း ကြိုးပြင် ကာကွယ်တော ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က နန့်ဟိုင်ကျေးရွာနှင့် စေတုန် ကျေးရွာအပါအဝင် ကျေးရွာသုံးရွာရှိ ဒေသခံပြည်သူ ၁၅၈ ဦးအတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများကို သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။ 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက် သွားရမည်ဖြစ်ကြောင်း လည်း ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment