Tuesday, May 28, 2019

စည်းမျည်းစည်းကမ်းများကြောင့် အသံတိတ်နေရ၊ အလံလိပ်သွားခြင်းမဟုတ်ဟု ရာထူးမှနုတ်ထွက်ထားသည့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဆို


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်ရခြင်းမှာ ဝန်ကြီးတာဝန်အား ကျေပွန်စွာမထမ်းဆောင်နိုင်သည့်အပေါ် ကျေနပ်အားရမှုမရှိသည့်အတွက် မိမိသဘောဆန္ဒအရ နုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ စည်းမျည်းစည်းကမ်းများရှိသဖြင့် အသံတိတ်နေရခြင်းဖြစ်ပြီး အလံလိပ်သွားခြင်းမျိုးမဟုတ်ကြောင်း News Watch သို့ ပြောသည်။ 
"ပြည်နယ်ဝန်ကြီးချုပ်ကြီးပြောသလို ဖူဆယ်ကွင်းဘတ်ဂျက်မချပေးလို့ ထွက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်ရာထူးတာဝန်ကို ကျေအောင်မထမ်းနိုင်ဘူး ယူဆလို့ထွက်တာ နောက်ပြီး မိသားစု ဆွေမျိုးတွေကြား ပြသနာတွေရှိတာကြောင့် ထွက်တာပါ။ အစိုးရစည်းမျဉ်းစည်းကမ်းတွေကြားမှာ မပြေလည်တာတွေ တော့ရှိပါတယ်။ ဒါကို အသံတိတ်ပြီး အလံလိပ်သွားတာမျိုးမဟုတ်ပါဘူး။ ရင်ထဲမှာ ကိုယ့်ပြည်သူလူထုအတွက် အလံတလူလူ လွှင့်နေဆဲပါပဲ။ ကျွန်တော်နဲ့ပတ်သက်တဲ့လုပ်ငန်းတာဝန်တွေကိုလည်း ဆက်လက် ဖြေရှင်းသွားမှာပါ"ဟု ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးတေဇထွဋ်လှိုင်ထွေးအား News Watch မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောသည်။ 
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မေ ၂၂ ရက် ဗုဒ္ဓဟူးနေ့ အပတ်စဉ် ကက်ဘိနက်ပုံမှန်အစည်းအဝေးတွင် အစိုးရ အဖွဲ့ဝင်ဝန်ကြီးတပါးနှင့် ဌာနဆိုင်ရာများအကြား တာဝန်ခွဲဝေမှု လုပ်ငန်းပိုင်းဆိုင်ရာ ကျော်လွန်လုပ်ဆောင် ထားမှုများအားဆွေးနွေးစဉ် အခြေအတင် ဖြစ်ခဲ့ကြပြီးနောက်ပိုင်း မဗာတိုင်းရင်းသားရေးရာဝန်ကြီးမှ နုတ်ထွက်စာတင်ခြင်း Fax ကြေးနန်းပို့ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့နောက် မေလ ၂၃ ရက် မနက် ၆ နာရီတွင် သမ္မတရုံးသတင်းစာမျက်နှာမှ ၎င်းအား ရာထူးတာဝန်မှနုတ်ထွက်ခွင့်ပြုကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ 
အဆိုပါဖြစ်စဉ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က "သူ့ကို လုပ်ခွင့်မပေးတာကိုး။ စီးပွားရေးပေါ့။ ပိုက်ဆံအဆင်မပြေတော့ သူတောင်းတာမရတော့ အန်တီကိုစိတ်ဆိုးပြီး ထွက်သွားတယ်။ ဖူဆယ်ကွင်းလုပ်ချင်လို့ ပိုက်ဆံတောင်းတဲ့အခါကျတော့ ပြည်နယ်အနေနဲ့မပေးနိုင်ဘူးပေါ့နော်။ အဲဒါကိုစိတ်ဆိုးတယ်။ ဒါတွေက မဖြစ်သင့်ဘူးပေါ့ကွယ်။ ဝန်ကြီးတယောက်အနေနဲ့ ဒီလိုစိတ်မရှိရဘူးလေကွယ်။ သူ့ရဲ့ ယုံကြည်ချက်ခံယူချက် အားနည်းတယ်လို့ပဲ သဘောထားပါတယ်" ဟု ပြောကြားခဲ့သည်။ 
ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်၏ အဆိုပါမှတ်ချက်အပေါ် ဦးတေဇထွဋ်လှိုင်ထွေးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ 
ဗမာတိုင်ရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် သားအမိ၊ ဆရာတပည့်သဖွယ် နိုင်ငံရေးလုပ်ငန်းများ လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး ပြည်နယ် NLD ပါတီ၏ လူငယ်ခေါင်းဆောင်တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၏ ဗမာတိုင်ရင်းသားကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတာဝန်အပြင် ပြည်နယ် အားကစားဌာန၊ အလုပ်သမားဌာနနှင့် လူမှုဝန်ထမ်း၊ ပြည်လည်နေရာချထားရေးနှင့် ကယ်ဆယ်ရေးဌာနများအား ပြည်နယ်ကိုယ်စားပြုထမ်းဆောင်နေရသော ဝန်ကြီးတပါးဖြစ်သည်။ 
ကဆောဝါး
News Watch 

0 comments:

Post a Comment