Tuesday, May 28, 2019

ဒေါက်တာအေးမောင် အမှုအယူခံလွှာ ပြည်ထောင်စု တရားလွှတ်တော်ကို တင်သွင်းမည်


ဒေါက်တာအေးမောင်ရဲ့ အမှုအယူခံလွှာကို ပြည်ထောင်စုတရားလွှတ်တော်မှာ ဆက်လက်တင်သွင်းသွားမယ်လို့ ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောကြားလိုက်ပါတယ်။ ဒေါက်တာအေးမောင်ကို ထောင်ဒဏ်အနှစ်(၂၀) ချမှတ် လိုက်တဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်မှာ အယူခံလျှောက်လွှာကို တင်သွင်းခဲ့ပေမယ့် မေ(၂၁) ရက်က ပယ်ချခံထားရပါတယ်။ 
အဲဒီလိုပယ်ချခံရတဲ့အတွက် အယူခံလွှာကို ပြည်ထောင်စုတရားလွှတ်တော်မှာ ဆက်လက်တင်သွင်းသွားမှာ ဖြစ်ပါတယ်။ အယူခံကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့အတွက် တင်သွင်းမှာဖြစ်ပါတယ်။ အယူခံတင်သွင်းရတာက အမှုတွဲပေါ် ပေါက်ချက်၊ တရားလိုနဲ့ တရားလိုပြ သက်သေတွေရဲ့ထွက်ဆိုချက်ဟာ ပြစ်မှုမမြောက်တဲ့အတွက်ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။ 
အယူခံလွှာကိုတော့ မေလအကုန် ဒါမဟုတ် ဇွန်လဆန်းမှာ တင်သွင်းသွားမယ်လို့လည်းဆိုပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ (၂၀၁၈)ခုနှစ် ရသေ့တောင် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ ဟောပြောချက်အပေါ် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီဟောပြောချက်တွေကြောင့် စစ်တွေခရိုင်တရားရုံးက ပုဒ်မ ၂ ခုနဲ့ တရားစွဲ ဆိုခဲ့ပြီး ထောင်ဒဏ် အနှစ်(၂၀)စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။ စာရေးဆရာ ဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်ကလည်း အမှုသည်ရဲ့ ပြစ်ဒဏ်ကို ပြည်ထောင်စု တရားလွှတ်တော်မှာ အယူခံတင်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

သတင်း - ကျော်လွင်၊ စံနုခိုင်
One News Myanmar 

0 comments:

Post a Comment