Tuesday, May 28, 2019

မြစ်ဆုံစီမံကိန်းစာချုပ်ကို နိုင်ငံသားများထံ တစ်လအတွင်း ပွင့်လင်းမြင်သာစွာ ချပြရန်နှင့် တရားဝင် မိတ္တူကူးယူခွင့်ပေးရန် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် တောင်းဆို


မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူသိရှိအောင် တစ်လအတွင်း ပွင့်လင်းမြင်သာစွာချပြရန်နှင့် တရားဝင်မိတ္တူကူးယူခွင့်ပေးရန် မေ ၂၈ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။ 
အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်း စာချုပ်နှင့်ပတ်သက်၍ မေ ၂၈ ရက်မှ ဇွန် ၂၈ ရက်အထိ တစ်လအတွင်းချပြရန် တောင်းဆိုခဲ့ပြီး ယင်းအချိန်အတွင်း အစိုးရအနေဖြင့် ချပြခြင်းမရှိပါက ရှေ့ဆက် လုပ်ဆောင်မည့် အစီအစဉ်များကို ကွန်ရက်အတွင်း ဆွေးနွေးပြီးဖြစ်သော်လည်း မည်သို့ဆောင်ရွက်မည်ကိုမူ သတင်းစာရှင်းလင်းသည့် ကွန်ရက်တာဝန်ရှိသူများက ပြောကြားခြင်း မရှိသေးပေ။ 
“ဘာလုပ်မယ်ဆိုတာပြောရင် နိုင်ငံတော်အစိုးရကို အကျပ်ကိုင်ပြီး ရာဇသံပေးသလို ဖြစ်မှာစိုးလို့ မေတ္တာအရ လိုအပ်ချက်အရ ဒီအဆင့်မှာပဲ ပြောရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ ဆွေးနွေးပြီးသားလည်း ရှိပါတယ်” ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အကြံပေးအဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။ 
ထို့အပြင် စာချုပ်ပါ အချက်အလက်များကို နိုင်ငံသားများအား ချပြမှုမရှိခြင်းကြောင့် နိုင်ငံသူ၊ နိုင်ငံသားနှင့် စာချုပ်ချုပ်ဆိုသူများကြား၊ တရုတ်နိုင်ငံနှင့်လည်းကောင်း၊ တည်ဆဲအစိုးရ၊ လွှတ်တော်၊ ဝန်ကြီးဌာနများနှင့် လည်းကောင်း မယုံကြည်မှုများ၊ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်စေပြီး စာချုပ်ကို ချပြခြင်းဖြင့် ပြည်သူတို့၏ ဒီမိုကရေစီရပိုင်ခွင့်များကို မြှင့်တင်ရာရောက်သည်ဟု ကွန်ရက်ထုတ်ပြန်ချက်က ဆိုသည်။ 
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်၊ အများပြည်သူပိုင် ပစ္စည်းစသည့်ကိစ္စရပ်များတွင် နိုင်ငံတော်အား နိုင်ငံသားများအနေဖြင့် ကူညီရန် တာဝန်ရှိသည်ဆိုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၈) ပုဒ်မ ၃၉၀ နှင့်အညီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းသည့် ကွန်ရက်တာဝန်ရှိသူများက ပြောကြားသည်။ 
“ကျွန်တော်တို့က နိုင်ငံတော်ကို ဘာမက်ဆေ့ခ်ျပေးချင်လဲဆိုတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေက တောင်းဆိုလာတဲ့အခါမှာ စိုးရိမ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေးဒီမိုကရေစီရေးအရ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် အဲဒီလို တောင်းဆိုလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စကားကို ကျွန်တော်တို့ရဲ့ဆန္ဒကို ကျွန်တော်တို့ရဲ့ပါဝင်ခွင့်ကို အသိအမှတ်ပြုပေးဖို့ ဒီနေရာကနေပြီးတော့ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ခံရော၊ ကျွန်တော်တို့လွှတ်တော်တွေရော ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံစီမံကိန်းကို ကျွန်တော်တို့ရပ်ရတာ သိပ်ခက်တယ်လို့ ပြောနေကြတာဖြစ်ပါတယ်။ မခက်ပါဘူး။ ကျွန်တော် တို့နိုင်ငံတကာမှာ စာချုပ်စာတမ်းတွေပါ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်နိုင်ငံမှ ကျွန်တော်တို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေပဲ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောကြားသည်။ 
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကို အလုပ်အဖွဲ့၊ အကြံပေးအဖွဲ့၊ မူဝါဒရေးရာအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့တို့ဖြင့် မေ ၂ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 
မေခ၊ မလိခ မြစ်ဆုံမြစ်ညာ အပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို တပ်မတော်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ပြည်သူအများအပြား ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ယာယီရပ်ဆိုင်းခဲ့သည်။ 
လက်ရှိ အစိုးရက မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအား လေ့လာဆန်းစစ်မည့် ကော်မရှင်တစ်ရပ်ဖွဲ့ စည်းဆောင်ရွက်ခြင်းမှလွဲ၍ မြစ်ဆုံစီမံကိန်းစာချုပ်ကို တရားဝင်ချပြရှင်းလင်းခြင်း မရှိသေးပေ။ 

Eleven Media Group

0 comments:

Post a Comment