Tuesday, May 28, 2019

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု အားနည်းချက်များ မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်လျက်ရှိ ဟုဆို



ဖြစ်ပေါ်သည့်တက္ကသိုလ် ဝင်ခွင့် လျှောက်ထားမှုအားနည်းချက်များ မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။ 

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက တက္ကသိုလ်ဝင်ခွင့်၊ ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် တိုက်ရိုက်လျှောက်ထားနိုင်သော ကျောင်းများအား ဝင်ခွင့်လျှောက် ထားရာတွင် ကျောင်းသား တစ်ဦးတည်းကျောင်း (၃)ကျောင်းတွင် ဝင်ခွင့်ပါနေခြင်းကြောင့် အမှတ်အနည်းငယ်လျော့သော ကျောင်း သားများသည် တက်ရောက်ချင်သော ကျောင်းသို့ တက်ရောက်ခွင့် မရရှိဘဲ နစ်နာခဲ့မှုအပေါ် မည်သို့ဖြေရှင်းဆောင်ရွက် ခဲ့သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက် ထားနိုင်ရေးကို မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။ 
ကျောင်းမအပ်ဘဲ လစ်လပ်သွားသော အရေအတွက်များနှင့် စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ညှိနှိုင်းအစည်းအဝေးကို ၂၇.၁၂.၂၀၁၈ ရက်နေ့ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဆေးတက္ကသိုလ် နှင့် ဆေးနှီးနွှယ် တက္ကသိုလ် များ၏ဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်ကို ပြည့်မီသော ကျောင်းသား/သူ ၂၂၈ ဦးအား နောက်ဆက်တွဲဝင်ခွင့်ပြုခဲ့ပြီး ဝင်ခွင့်ရရှိသူများ၏ အမည် စာရင်းကို ၁၁.၁.၂၀၁၉ ရက်နေ့တွင် ကြေညာပေးခဲ့သည်။ 
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ဆေးတက္ကသိုလ် ဝင်ခွင့်ပြုဦးရေ ၁၂၀ဝ ၏ ၆ ရာခိုင်နှုန်းကို တိုင်းရင်းသားဒေသများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သော ကျောင်းသူ/သားများကို တက်ရောက်ခွင့်ပေးခဲ့သည်။ 
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူ ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်၌ ဖော်ပြထားသည့်အတိုင်း တက္ကသိုလ်များ လျှောက်ထားရာတွင် တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်ပါရန်နှင့် ကျောင်းသား/သူများနှင့် မိဘပြည်သူ များအနေဖြင့် ယခင်နှစ်များမှ ရရှိခဲ့သော တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ချိန်ထိုး၍ မိမိဦးစားပေးတက်ရောက် လိုသော တက္ကသိုလ်အနည်းငယ်ကိုသာ ရွေးချယ်လျှောက်ထားရန် စီစဉ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် အောင်မြင်လာမည့်ကျောင်းသားကျောင်းသူများအတွက် ကြိုတင်ပြီး သတင်းစာနှင့် ဂျာနယ်များ တွင် ဆောင်းပါးများ ရေးသားဖော်ပြ ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပါမောက္ခချုပ်ကြီးများကိုယ်တိုင် စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပြီး ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများအား ကြိုတင်၍ လေးလေးနက်နက် အသိပေးခြင်း များ ဆောင်ရွက်လျက်ရှိသည့်အတွက် ယခင်နှစ်တွင် ဖြစ်ပေါ်သည့်တက္ကသိုလ် ဝင်ခွင့် လျှောက်ထားမှုအားနည်းချက်များ မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်သွားလျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။ 
The Ladies News 

0 comments:

Post a Comment