Tuesday, May 28, 2019

လမ်းဖောက်ရန် လယ်မြေများလှူဒါန်းသည့် လယ်သမားများကို မြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည်


ဒလမြို့နယ်ကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ဖောက်လုပ်ရန် ရန်ကုန်စည်ပင်သာယာရေး ကော်မတီသို့ လယ်မြေများ လှူဒါန်းသော ဒေသခံတောင်သူများကို မြို့တော်ဝန်က ရန်ကုန်မြို့တော်ခန်းမတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။ 
အဆိုပါ ဒလမြို့နယ်ရှိ ရခိုင်ချောင် ကျေးရွာနှင့် ခနောင်ကျေးရွာသို့ ဖောက်လုပ်မည့် လမ်းသည် အရှည်ပေ ၁၅,၀၀၀ ခန့် ရှည်လျားပြီး အကျယ်ပေ ၈၀ ခန့်ရှိကာ လမ်းဖောက်လုပ်မည့် လယ်ယာမြေအတွင်းကျရောက်သည့် ခနောင်ကျေးရွာမှ တောင်သူ ၁၉ ဦး၊ ရခိုင်ချောင်ကျေးရွာမှ တောင်သူ ၃၂ ဦးတို့က မိမိပိုင်လယ်မြေအချို့ကို လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“မြို့တော်ဝန်က မေလ ၁၄ ရက်နေ့က လာသွားတုန်းက ရခိုင်ချောင်ကျေးရွာနဲ့ ခနောင်ကျေးရွာ (မြို့ရှောင်လမ်း) ဖောက်လုပ်ဖို့ လယ်သမားတွေက မြေလှူတဲ့အတွက် ဒီလမ်းကိုဖောက်လုပ်နိုင်တယ်။ ဒီမြေကြီးကို လှူတဲ့ တောင်သူလယ်သမားတွေကို မြို့တော်ခန်းမမှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးမယ်လို့ အများပြည်သူရှေ့မှာ တရားဝင်ပြောသွားတယ်။ နေ့အတိ အကျကတော့ မသိသေးဘူး”ဟု ဦးထွန်းရင်က ပြောကြားသည်။ 
မြို့တော်ဝန်က ယခုဖြစ်စဉ်သည် ဒလမြို့နယ်အတွက် သမိုင်းတွင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်တန်ဖိုးရှိသော ဝမ်းမြောက်စရာဖြစ်ကြောင်း၊ မိမိပိုင်လယ်မြေကို အများအကျိုးအတွက် လှူဒါန်းပေးကြသော တောင်သူဦးကြီးများကို အထူးကျေးဇူးတင်ပါကြောင်းနှင့် ဒီလိုစိတ်ဓာတ်မျိုးသည် လူတိုင်းထားနိုင်သော စိတ်မျိုးမဟုတ်ဘဲ မြင့်မြတ်သော စိတ်ထားပိုင်ရှင်များသာ လုပ်ဆောင်နိုင်သည့် မွန်မြတ်သောလုပ်ရပ်ဖြစ်ကြောင်း ယခုကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ပြီးသွားသည့်အခါ အလှူရှင်များအတွက် အဆိုပါလမ်းတွင် အမှတ်အသားပြုလုပ် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း အလှူရှင်များဘက်က မိမိပိုင်မြေကို စွန့်လွှတ် လှူဒါန်းထားသည့်အတွက် မိမိတို့ YCDC အနေနှင့် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို အထူးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ 
ဒလ-ဓနုတ်-ကော့မှူးလမ်းသည် မော်တော်ယာဉ်များ၊ သုံးဘီးကားများ၊ တက္ကစီဆိုင်ကယ်များနှင့် သွားလာမှုရှုပ် ထွေးသောလမ်းဖြစ်ပြီး ယခုရခိုင်ချောင် ကျေးရွာမှခနောင်ကျေးရွာသို့ ကျေးရွာချင်း ဆက်လမ်း (မြို့ရှောင်လမ်း) ဖောက်လုပ်ပြီးပါက ဒလမြို့နယ် ဒေသခံပြည်သူများနှင့်ကျေးရွာများမှ ပြည်သူများ လမ်းပန်းသွားလာရေး လွယ်ကူကောင်းမွန်လာမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်တိုကာလအတွင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

The Voice

0 comments:

Post a Comment