Sunday, June 2, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ရွှေထည်ပစ္စည်းများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးအပါအဝင် အမျိုးသားငါးဦးအား နတ်မြစ်ကမ်းစပ်၌ ဖမ်းဆီးရမိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ရွှေထည်ပစ္စည်းများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးအပါအဝင်အ မျိုးသားငါးဦးအား နတ်မြစ်ကမ်းစပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
မေ ၃၁ ရက် ညနေ ၃ နာရီခွဲတွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် နတ်မြစ်အတွင်း၌ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မောင်တောမြို့နယ် နယ်မြေ (၆) နတ်မြစ်အတွင်း အောင်ဗလချောင်းဝအနီးကမ်းစပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလံပါ စက်လှေတစ်စင်းသည် ၀ါးဖောင်တစ်ခုအား မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းယူနေသည်ကို တွေ့ရှိသဖြင့် အောင်ဗလချောင်းဝရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

အဆိုပါစက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီဒုက္ခသည်စခန်းနေ ဆော်ဒူလာမိန် (၂၅နှစ်)(ယခင် မောင်တောမြို့နယ် အောင်စစ်ပြင်ကျေးရွာအုပ်စု ဘူဘာကျေးရွာနေသူ)ပါ အမျိုးသားသုံးဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့ ဇိုက်လားကျေးရွာနေနိုရ်အာလောင် (၂၇ နှစ်)ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးတို့အား ရွှေဆွဲကြိုးကိုးကုံး၊ ဟန်းချိန်းတစ်ခု၊ ဘယက်တစ်ခု၊ ဆံညှပ်တစ်ခု၊ လက်ကောက်ကိုးကွင်း၊ ဆွဲပြား ၁ဝပြား၊ လက်စွပ် ၁၂ ကွင်း၊ နားကွင်း လေးကွင်း၊ နားကပ်တစ်ကွင်း၊ နားသီး ၁၀ ရန်၊ နားဆွဲ ၁၀ ရန်၊ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ ၂၄ ကျပ် ၁၂ ပဲ (တန်ဖိုး-စိစစ်ဆဲ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသူများအားစစ်မေးရာ မောင်တောမြို့နယ် မြို့မကညင်တန်းရပ်နေ အဏ္ဏာဝါဟူဆိမ်းက ရွှေထည်ပစ္စည်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် သိုဝှက်သယ်ဆောင်၍ အမှတ်(၁) ဝင်/ထွက် စစ်ဆေးရေးဂိတ်မှ တရားဝင်ထွက်ခွာခဲ့ပြီး စက်လှေတစ်စင်းဖြင့် နတ်မြစ်အတွင်း လာရောက်ကာ ၎င်းတို့ထံသို့ ရွှေထည်ပစ္စည်းများအား လွှဲပြောင်းပေးအပ်၍ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဆော်ဒူလာမိန်ပါ ငါးဦးနှင့် အဏ္ဏာဝါဟူဆိမ်းတို့အား ပြင်ဖြူနယ် မြေရဲစခန်းက (ပ)၁၈/၂၀၁၉၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။ 

Eleven Media Group 

0 comments:

Post a Comment