Sunday, June 2, 2019

တိုင်းရင်းသားစာပေသင်ကြားရန် ခန့်အပ်ထားခဲ့သည့် ဆရာ၊ ဆရာမများအနက်မှ ဘွဲ့ရပြီးသူများ ပညာရေးကောလိပ် တက်ရောက်ပြီးဆုံးလျှင် မူလတန်းပြဖြစ်ခွင့်ရှိမည်


၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားရန် ခန့်အပ်ထားခဲ့သည့် သင်ကြားရေးအကူနေ့စားလပေးဆရာ၊ ဆရာမ (Teaching Assistant-TA) ၅ဝဝဝ ကျော်အနက် ဘွဲ့ရ ၇၁၉ ဦးပါရှိရာ ၎င်းတို့အနေဖြင့် ပညာရေးကောလိပ်တွင် သင်တန်းတက်ရောက်ပြီးဆုံးပါက မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်အပ်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ 
ယင်းဆရာ၊ ဆရာများပညာရေး ကောလိပ်တက်ရောက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများထံ ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က News Watch သို့ ပြောသည်။ 
''သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကိုတော့ ပြောထားပြီးပါပြီ။ ဒါပေမဲ့ သူတို့အထဲမှာ ပညာရေးကောလိပ်ဆက် တက်ချင်သူတွေလည်းပါတယ်။ ဆက်မတက်ချင်သူတွေလည်းပါတယ်''ဟု ၎င်းကပြောသည်။ 
ပညာရေးကောလိပ်တက်ရောက် ပြီးစီးသူများကို ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ မူလတန်းပြများအဖြစ် ခန့်အပ် သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 
၂ဝ၁၉-၂ဝ ပညာသင်နှစ်အတွက် ခေါ်ယူထားသည့် တိုင်းရင်းသားစာပေသင်ကြားပေးမည့် နေ့စားလပေးဆရာ၊ ဆရာမ (TA)နှင့် တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမ (Language Teacher) လျှောက်လွှာများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ထားပြီး စိစစ်ရွေးချယ်ဆဲဖြစ်ကြောင်း သိရသည်။ 
'' TeachingAssistant တွေခန့်ဖို့အတွက်က စစ်နေတယ်။ သူတို့ scanning လုပ်ထားတာတွေက ကျွန်တော်တို့ ပေါ်လစီနဲ့ ကိုက်၊ မကိုက်ဆိုတာတွေ၊ ကျွန်တော်တို့သတ်မှတ်ချက်နဲ့ကိုက်၊ မကိုက်ဆိုတာတွေ ပြန်စစ်နေတယ်။ အဲဒါလည်း အမြန်ဆုံးခန့်နိုင်ဖို့အတွက် လုပ်ဖို့ရှိတယ်'' ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ 
နေ့စားလပေးဆရာ၊ ဆရာမ (TA) နှင့် Language Teacher များအတွက် လျှောက်လွှာခေါ်ယူရာတွင် အနိမ့်ဆုံးပညာ အရည်အချင်းသတ်မှတ်ချက်မှာ ၉ တန်း ဖြစ်သည်။ TA များအတွက် တနေ့လျှင် ၄၅ဝဝ ကျပ်နှုန်းဖြင့်ခေါ်ယူခဲ့ပြီး Language Teacher များအတွက် တလလျှင် ၃ဝဝဝဝ ကျပ်နှုန်းဖြင့် ခေါ်ယူခဲ့သည်။ TA များမှာ ကျောင်းဖွင့်သည့်ရက်များအားလုံးတွင် အချိန်ပြည့်ကျောင်းတက်ရမည်ဖြစ်ပြီး Language Teacher များမှာ အချိန်ပိုင်းသာ တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။ 
လက်ရှိတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တိုင်းရင်းသားကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် KG တန်းများအတွက် တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ ၂ မျိုးဖြင့် ပုံပြပုံပြင် စာအုပ်(ရုပ်ပြ)အုပ်ရေ ၃၄၁၂၂၃ဝ ကို ပုံနှိပ်ထုတ်ဝေဖြန့်ချိထားကြောင်း သိရသည်။ 
မင်းထင်
News Watch 

0 comments:

Post a Comment