Sunday, June 2, 2019

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ၉၅ ရာခိုင်နှုန်းအထိသေချာ


ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်၊ မ၀င် အဆုံးအဖြတ်ခံရမည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ် စာရင်း ၀င်ရန် ၉၅ ရာခိုင်နှုန်းအထိ သေချာဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။ 
''ကျွန်တော်တို့ ကြိုးပမ်းမှုကြောင့် ပုဂံ ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အတွက်ကို ၉၅ ရာခိုင်နှုန်း သေချာပါတယ်။ ကွင်းဆင်းစစ်တဲ့ ယူနက်စကိုက ပညာရှင် တွေ ပုဂံဒေသကိုရောက်တဲ့အခါ မှာ အိပ်မက် ကမ္ဘာကိုရောက်နေသလိုမျိုးပဲ ခံစားရပါတယ် လို့ သူတို့အသိအမှတ်ပြုပါတယ်။ ပုဂံဒေသ ဟာ အခြားသော မည်သည့်ဒေသတွေနဲ့မှ မတူဘဲနဲ့ တစ်မူထူးခြားတဲ့ ဒေသဆိုတာ လည်း သူတို့ဝန်ခံကြပါတယ်။ သို့သော်လည်း ပဲ အခက်အခဲ အတားအဆီးကတော့ ကိုယ့် ပြည်တွင်းကပဲဖြစ်ပါတယ်။ ဒီအစိုးရလက် ထက်မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မဖြစ်ဖို့ ဟန့်တားမှုတွေလည်း ကြုံရပါတယ်။ 
ဒါကိုလည်း နှစ်နှစ်လောက် ကျော်ဖြတ် ခဲ့ရပါတယ်။ ဒါကြောင့်မို့ ပုဂံဒေသရဲ့အောင်ပွဲဟာ တစ်နိုင်ငံလုံးရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်''ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောဆိုသည်။ 
ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ကရ၀ိက်နန်းတော်၌ ကျင်းပသည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းတို့က ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းအမှတ်စဉ်(၉/ ၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ 
၂၀၁၉ ဇူလိုင်လတွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပမည့်ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်၊ မ၀င် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ 
''ပုဂံဒေသကို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့နဲ့ ပတ်သက် လို့ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး အပြင်းအထန် ကြိုးပမ်းခဲ့ရပါတယ်။ယူနက်စကိုရဲ့ ပညာရှင်တွေ၊ ပြည်တွင်းရဲ့ပညာရှင်တွေနဲ့ အဲဒီ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုတွေကို ယူနက်စကိုကို အဆိုပြုလွှာတင်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အဇာဘိုင်ဂျန်နိုင်ငံမှာကျင်းပမယ့် ပုဂံဒေသနဲ့ပတ်သက်ပြီး တင်ပြချက်တွေကို ဝေဖန်ဆွေးနွေးပြီးတော့မှကမ္ဘာ့အမွေအနှစ်ဖြစ်တယ်ဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်''ဟု ၎င်းက ပြောဆိုသည်။ 
အဆိုပါ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း အမှတ်စဉ်(၉/၂၀၁၉)သင်တန်းဆင်းပွဲအခမ်းအနားတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။ 
သတင်း၊ဓာတ်ပုံ - တိုးအောင်(မြန်မာ့မြေ)
The Standard Time Daily 

0 comments:

Post a Comment