Sunday, June 2, 2019

ကျပ်သိန်းတစ်သောင်းခွဲဆု မန္တလေးမြို့မှ ကွမ်းယာရောင်းသည့် ဇနီးမောင်နှံဆွတ်ခူး


(၄)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်း ခွဲဆုကို မန္တလေးမြို့မှ ကွမ်းယာရောင်းသည့် ဇနီးမောင်နှံက ဆွတ်ခူးသည်။ 
မန္တလေးမြို့ မြရည်နန္ဒာရပ် ကွက် ဗ(၂၃) တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသည့် ကိုဝင်းကျော်၊ မသီတာအေးဇနီးမောင်နှံက အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်း ခွဲကို နံပါတ် ကခ-၅၅၅၂၈၁ ဖြင့် ဆွတ်ခူးခဲ့သည်။ 
မေလ ၁၂ ရက်က ကွမ်းယာ ဆိုင်သို့ ပုံမှန်လာရောက်ဝယ်ယူ သည့် တွန်းလှည်းထီသည်ထံမှ ငါးစောင်တွဲ နှစ်တွဲထိုးရာက ထီဆုကြီး ဆွတ်ခူးခြင်းဖြစ်ကြောင်း မသီတာအေးက ပြောသည်။ 
‘‘ထိုးနေကျ ထီရောင်းတဲ့ အစ်ကိုက ကွမ်းလာဝယ်တာ။ ရောင်းကောင်းလား မေးတော့ ရောင်းမကောင်းဘူးဆိုတာနဲ့ ဈေးဦးဖောက်လိုက်မယ်ဆိုပြီး ထိုးဖြစ်တာ။ အမျိုးသားက ပထမငါး စောင်တွဲ တစ်စောင်ထိုးတယ်။ နောက်ပြီး ကျွန်မက ဒီဂဏန်းလေးလှတယ်ဆိုပြီး ငါးစောင်တွဲတစ် စောင် ထပ်ထိုးလိုက်တာ။ အဲဒီ တစ်စောင်က ပေါက်တာ’’ ဟု မသီတာအေးက ဆိုသည်။ 
ဆုငွေများကို ပထမဆုံးအနေဖြင့် ၎င်းတို့၏ဇာတိ မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာရှိ ရွာဦး ကျောင်းဆရာတော်အတွက် ယာဉ်လှူဒါန်းရန် စီစဉ်ထားပြီး နှစ်ဖက်မိဘများကို ကန်တော့ ခြင်း၊ သားနှစ်ဦးကို ရှင်ပြုပေးခြင်း များ ပြုလုပ်မည်ဟု အဆိုပါဇနီး မောင်နှံက ဆိုသည်။ 
နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊ အိမ်ဝိုင်း ၀ယ်ခြင်းတို့ ဆောင်ရွက်မည်ဟု ဆိုသည်။ သို့သော် လက်ရှိ ကွမ်းယာရောင်းသည့် အလုပ်ကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ 
‘‘ကိုယ်တောင် အရမ်းဝမ်းသာတာ။ သူတို့ဆို ဘယ်လောက် ၀မ်းသာလိုက်မလဲ။ သူဌေးတွေ ပေါက်တာထက် ကိုယ်လို၊ သူလို မရှိတဲ့သူတွေ ပေါက်တာ ၀မ်းသာ တယ်’’ ဟု ကျပ်သိန်းတစ်သောင်း ခွဲဆုပေါက်သည့် ထီလက်မှတ်ကို ရောင်းချသည့် သပြေထီဆိုင်မှ ထီ ကိုယ်စားလှယ် ကိုလှမင်းထိုက်က ပြောသည်။ 
ကျပ်တစ်ထောင်တန်ထီ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်း ခွဲဆုကို (၁)ကြိမ်မြောက်တွင် နေပြည်တော်၌ သီတင်းသုံးသည့် သံဃာတစ်ပါးက လည်းကောင်း၊ (၂)ကြိမ်မြောက်တွင် ဧရာဝတီ တိုင်း ကျောင်းကုန်းမြို့နယ်မှ ဇနီးမောင်နှံက လည်းကောင်း၊ (၃)ကြိမ်မြောက်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့မှ ထီစပ်တူထိုးသူ နှစ်ဦးကလည်းကောင်း ဆွတ်ခူးထား သည်။ 
ဇွန်လ ၁ ရက်က လျှပ်စစ်မီး ပြတ်တောက်ရန် ရှိခြင်း၊ လက် ကျန်ထီများထဲမှ ဆုမဲထွက်ပါက အစားထိုး ပြန်လည်ဖွင့်ရခြင်း ကြောင့် အချိန်နောက်မကျစေရန် ရန်ကုန်မြို့ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပသည့် ထီဖွင့်ပွဲကို သတ်မှတ်ချိန်ထက်စော၍ ပြုလုပ်ခဲ့သည်။ 
အောင်ဘာလေသိန်းဆုဌာန သည် ထီဖွင့်ပွဲကို ပုံမှန် နံနက် ၈ နာရီတွင် စတင်ပြုလုပ်သော်လည်း ယမန်နေ့က မိနစ် ၂၀ စော၍ စတင်ခဲ့သည်။ 
‘‘နေ့လယ် ၁၂ နာရီမှာ အချိန်ပိုင်း မီးပြတ်ဖို့ရှိတာကြောင့်လည်း ပါတယ်။ မီးစက်တော့ အဆင်သင့် ရှိတာပေါ့။ အရေးပေါ်အခြေအနေမှာ မီးမနိုင်မှာ စိုးလို့လေ’’ ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ 
သို့သော် ထီဖွင့်ပွဲပြီးစီးသည့် နံနက် ၁၁ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိကြောင်း ယင်းထီဖွင့်ပွဲသို့ တက်ရောက်သည့် ထီလုပ်ငန်းရှင် အချို့က ဆိုသည်။

7Day

0 comments:

Post a Comment