Sunday, June 2, 2019

မြန်မာတစ်နိုင်ငံလုံးတွင် မိုးတိမ်တောင် အန္တရာယ်ရှိနေ


အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ၀င်ရောက်နေကာ ဒေသအနှံ့ လေထုမတည်မငြိမ်ဖြစ်နေ၍ မိုးတိမ်တောင်အန္တရာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ 
ဇွန်လ ၁ ရက် တိုင်းတာချက် အရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ဆက်လက်ဝင်ရောက်နေပြီး လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ဆက်လက်ဝင်ရောက်မည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ လတ်တလော၌ အန္တရာယ်အကြီးမားဆုံးသည် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်စေသည့် မိုးတိမ်တောင်ဖြစ်ပြီး မြန်မာနိုင်ငံဒေသအနှံ့ လေထုမတည်မငြိမ် ဖြစ်နေသည်ဟု သတိပေးထား သည်။ 
‘‘မိုးတိမ်တောင်က တစ်နိုင်ငံလုံးမှာ ဖြစ်နိုင်ခြေရှိတယ်’’ဟု ဇွန်လဆန်းတွင် ဖြစ်ပေါ်နိုင်သော ရာသီဥတုအခြေအနေကို ဒေါက်တာထွန်းလွင်က သတိပေးသည်။ 
ယခုနှစ် မိုးရာသီတွင် အ နောက်တောင်မုတ်သုံလေ ၀င် ရောက်မှု ၁၅ ရက်ခန့် နောက်ကျပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် ပါဝင်သော မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေ လ ၂၀ ရက်မှသာ ၀င်ရောက်ခဲ့သည်။ မြစ်ဝကျွန်းပေါ်ဒေသကို မေလ ၂၅ ရက်က စတင်ဝင်ရောက်ခဲ့ပြီး ယခုအလယ်ပိုင်းဒေသသို့ ဆက်လက် ၀င်ရောက်နေသည်။ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ရာလမ်းကြောင်း တစ်လျှောက် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်နေပြီး မေလ ၃၁ ရက် ညနေက မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေပြင်းကျခဲ့ရာ နေအိမ်အဆောက်အအုံ ၂၀၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီး ပင်လည်ဘူးမြို့တွင် လေပြင်းကြောင့် ဆောက်လက်စ သစ်သားအဆောက်အအုံ တစ်လုံး ပြိုကျရာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ 
လတ်တလော၌ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ရာ ဒေသဖြစ်နေသည့် မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ်အပြင် မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သော ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့သည် ကျန်ဒေသများထက် လေထုမတည်မငြိမ် ဖြစ်နေသည်ဟု ဒေါက်တာထွန်းလွင်က သတိပေး သည်။

7Day

0 comments:

Post a Comment