Sunday, June 2, 2019

အမေရိက စောင့်ကြည့်ရမည့် ငွေကြေးဈေးကစားသည့် နိုင်ငံများစာရင်းတွင် စင်ကာပူနှင့် မလေးရှားထည့်သွင်းခံရ



အမေရိကန်အစိုးရက စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ကို စောင့်ကြည့်ရမည့် ငွေကြေးဈေးကစားသည့် နိုင်ငံများ စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။ 

စင်ကာပူနှင့် မလေးရှားနိုင်ငံများသည် နိုင်ငံခြားငွေလဲလှယ်ရေးတွင် အစိုးရက ဝင်ရောက်ထိန်းကျောင်းမှုများ ရှိနေခြင်းကြောင့် အမေရိက၏ ကုန်သွယ်ဖက်နိုင်ငံများတွင် ငွေကြေးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ 
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သည့် အဓိကကုန်သွယ်ဖက်နိုင်ငံ ၂၁ နိုင်ငံနှင့် ပတ်သက်သုံးသပ်ချက်နှစ်ဝက်အစီရင်ခံစာတွင် စင်ကာပူနှင့် မလေးရှားကို စောင့်ကြည်ရမည့် ငွေကြေးကစားသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ 
အမေရိက၏ အဓိကကုန်သွယ်ဖက် ၂၁ နိုင်ငံတွင် ယင်းစားရင်တွင် ထည့်သွင်းခံခဲ့ရသည့် နိုင်ငံကိုးနိုင်ငံရှိပြီး တရုတ်၊ ဂျာမနီ၊ အီတလီ၊ အိုင်ယာလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။ 
စင်ကာပူနိုင်ငံမှာ တစ်ကမ္ဘာလုံးနှင့် ကုန်သွယ်ရေးတွင် ၂၀၁၈ ခုနှစ်က ပိုငွေပြခဲ့သည့်ပမာဏမှာ စင်ကာပူစုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ၏ ၁၇ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ 
သို့သော် အမေရိကနှင့် စင်ကာပူကုန်သွယ်မှုတွင်မူ စင်ကာပူက ဆက်တိုက်လိုငွေပြခဲ့ပြီး ၂၀၁၈ ခုနှစ်က လိုငွေအမေရိကန်ဒေါ်လာခြောက်ဘီလီယံထိ ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
စင်ကာပူသည် ၂၀၁၈ ခုနှစ်က အသားတင်နိုင်ငံခြားငွေဝယ်မှုမှာ အမေရိကန်က ဒေါ်လာ ၁၇ ဘီလီယံထိရှိပြီး ယင်းပမာဏမှာ စင်ကာပူဂျီဒီပီ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ 
အမေရိကန်အစိုးရ၏ စောင့်ကြည့်ရမည့် စာရင်းသွင်းခြင်းနှင့် ပတ်သက်၍ စင်ကာပူငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့က ထုတ်ပြန်ရာတွင် စင်ကာပူအနေနှင့် ပို့ကုန်အသာစီးရရန် ရည်ရွယ်၍ ငွေကြေးဈေးကစားမှုမလုပ်ကြောင်း ပြောကြားခဲ့သည်။ 
မလေးရှားဗဟိုဘဏ်ကလည်း မလေးရှားရင်းဂစ်ငွေ တန်ဖိုးကျခြင်းကို ခုခံသည့်အနေနှင့် မလေးရှားဂျီဒီပီ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းပမာဏရှိသော နိုင်ငံခြားငွေများကို ၂၀၁၈ ခုနှစ်က ထုတ်ရောင်းခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
ပုံစာ - စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အဆောက်အအုံ 
The Voice Journal 

0 comments:

Post a Comment