Sunday, June 2, 2019

တရုတ်သည် အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရယ်တစ်ရပ်ဖြစ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား


အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခြိမ်းခြောက်လျက်ရှိသည်ဟု အမေရိကန် ပြည်ထောင်စု၏ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ပက်ထရစ်ရှန်နန်ဟန်က ပြောကြားလိုက်ကြောင်း CAN သတင်းဌာနက ရေးသားဖော်ပြသည်။ 
စင်ကာပူနိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်နေမြဲဖြစ်သော ရှန်ဂရီလာဒိုင်ယာ လော့ခ် (ဒေသတွင်းကာကွယ်ရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲ) တွင် အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှန်နန်ဟန်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ 
၎င်း၏မှတ်ချက်က လက်ရှိကမ္ဘာ့ထိပ်သီးစီးပွားရေးအင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည်တို့အကြား ဖြစ်ပေါ်နေသည့်တင်းမာမှုများကို မီးမောင်းထိုးပြလိုက်ရာရောက်သည်။ 
အာရှဒေသတွင် တရုတ်နိုင်ငံသည် မတည်မငြိမ်ဖြစ်မည့် ပြုမူဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိကြောင်း၊ သို့အတွက်ကြောင့် အမေရိကန်၏ အာရှမဟာမိတ်များအနေနှင့် လုံခြုံရေးကိစ္စအတွက် အသုံးစရိတ်များ တိုးမြှင့်သင့်သည်ဟု တိုက်တွန်းလိုကြောင်း ၎င်းကဆိုသည်။ 
“ဤဒေသတစ်လွှားမှာရှိတဲ့ နိုင်ငံတွေရဲ့ ပင်မအကျိုးစီးပွားကို ရေရှည်ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံးအန္တရာယ်ပါ”ဟု ပက်ထရစ်ရှန်နန်ဟန်က ရှန်ဂရီလာ ဒိုင်ယာလော့ခ်တွင် ပြောကြားသည်။ 
ယင်းမိန့်ခွန်းသည်ပြီးခဲ့သည့် ဇန်နဝါရီလ အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် စတင်တာဝန်ယူလုပ်ဆောင်ခဲ့သည့် အချိန်နောက်ပိုင်း ပက်ထရစ်ရှန်နန်ဟန်အတွက် ပထမဆုံး အရေးကြီးမိန့်ခွန်းဖြစ်ခဲ့သည်။ 
“အဲဒီလိုပုံစံမျိုး၊ အနေအထားမျိုး ဆက်ဖြစ်နေမယ်ဆိုရင် အခြားအချုပ်အခြာအာဏာပိုင်နက်တွေဟာ အဲဒီအင်အားကြီးနိုင်ငံရဲ့ ပိုင်နက်သဘောမျိုး ဖြစ်လာနိုင်ပါတယ်”ဟု ၎င်းက သတိပေးပြောကြားသည်။ 
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်နက်အငြင်းပွားမှု ပေါ်ပေါက်နေသောနေရာတွင် တရုတ်ပြည်က ကျွန်းတုများတည်ဆောက်နေမှု၊ မဟာဗျူဟာ ပင်လယ်ရေကြောင်းလမ်းကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်သည်ဟူ၍ ဘေဂျင်းအစိုးရက ပိုင်ဆိုးပိုင်နင်း ပြောဆိုနေမှုများကို ဥပမာပြကာ ကာကွယ်ရေးဝန်ကြီးက ထောက်ပြပြောဆိုသည်။ 
အမေရိကန်ပြည်ထောင်စုနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတစ်ရပ်ရရှိထားရေးမှာလည်း တရုတ်အစိုးရ၏ အကျိုးစီးပွားတစ်ခုပင်ဖြစ်သည်ဟု ပက်ထရစ်ရှန်နန်ဟန်က ဆိုသည်။ 
အခြားတိုင်းပြည်များ၏ အချုပ်အခြာအာဏာကို ထိပါးစေနိုင်သည့် အပြုအမူများအားလုံး ဦးတည်ချက်အားလုံး ရပ်ဆိုင်းရမည်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

The Voice

0 comments:

Post a Comment