Sunday, June 2, 2019

လူမှုကာကွယ်ရေးစောင့်ရှောက်နိုင်မှုအပေါ်သုံးစွဲနေသည့် ငွေကြေးအလွန်နည်းပါးဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညည်းညူ


လူမှုကာကွယ်ရေးစောင့်ရှောက်နိုင်မှုအပေါ်တွင်သုံးစွဲနေသည့် ငွေကြေးလောက်ငှနိုင်မှုနှင့် ပြည့်စုံနိုင်မှု အလွန်နည်းပါးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ 
နေပြည်တော်တွင် မေလ ၃၁ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ 
“ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်တဲ့အခါမှာ ပြည်ထောင်စုရဲ့စုစုပေါင်းသုံးငွေအပေါ်မှာ ၀ ဒဿမ ၄၁ ရာခိုင်နှုန်း ရရှိသုံးစွဲနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့လက်ရှိသုံးစွဲနေတဲ့ ပြည်ထောင်စုရဲ့စုစုပေါင်းသုံးငွေအပေါ်မှာ ၀ ဒဿမ ၄၁ ရာခိုင်နှုန်းဟာ လူမှုကာကွယ်ရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ လွမ်းခြုံနိုင်မှုနဲ့ လောက်ငှနိုင်မှု ပြည့်စုံအောင်ဆောင်ရွက်နိုင်မှု အလွန်နည်းပါးပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အားလုံးအကျုံးဝင်မှုကိုဆောင်ရွက်တယ်ဆိုပေမဲ့ ဦးစားပေးအလိုက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာဘဏ္ဍာငွေကြေးအကန့်အသတ်ရှိတဲ့အတွက်ကြောင့် တွက်ခြေကိုက်မယ့် အကျိုးအမြတ်ရှိမယ့်လုပ်ငန်းတွေကိုပဲဦးစားပေးဆောင်ရွက်တာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာနအနေဖြင့် အသက်အရွယ်ကြီးမြင့်သူ အဘိုးအဘွားများအား လူမူရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိဘမဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်ခြင်း၊ အသက် ၂ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအားထောက်ပံ့ခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ရခြင်းဖြစ်သည်။ 
Save the children မှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၅ နှစ်အောက်ကလေးသေဆုံးမှုမှာ လူ ၁၀၀၀ တွင် ၄၈ ဦးရှိပြီး ကလေးပုညက်မှုနှုန်း ၂၉ ဒဿမ ၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment