Sunday, June 2, 2019

နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက္ကူကတ်မှ စမတ်ကတ်အဖြစ်ပြောင်းလဲရေး ဆောင်ရွက်နေဟုဆို


နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက္ကူကတ်မှ စမတ်ကတ်အဖြစ်ပြောင်းလဲပေးရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောသည်။ 
ယင်းကဲ့သို့ စမတ်ကတ်အဖြစ်ပြောင်းလဲပြီးပါက ဘဏ်၊ ပညာရေး၊ ကျန်းမာရေးအပြင် အခြားသော လူမှုရေးနှင့် ရုံးလုပ်ငန်းများပါ ချိတ်ဆက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
“ လက်ရှိ ကျွန်တော်တို့ ကိုင်ဆောင်နေတဲ့ကတ်ပြားတွေဟာ စက္ကူကတ်ပြားတွေဖြစ်ပါတယ်။ ဒါတွေကို စမတ်ကတ်အဖြစ် ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်ပါတယ်။ 
ဒီလိုဆောင်ရွက်တဲ့အခါမှာပထမ E id ဆိုတဲ့စနစ်နဲ့ဆောင်ရွက်ဖို့သွားပါမယ်။ ဒီ e id စနစ်ကိုအကြမ်းဖျင်းတင်ပြရရင်တော့ လူတစ်ယောက်ကို ဒီနံပါတ်တစ်ခုပေးပြီးတော့ ဒီနံပါတ်နဲ့ဘဏ်ကိစ္စတွေ၊ ပညာရေးကိစ္စတွေ၊ကျန်းမာရေးကိစ္စတွေ၊ ကျန်သောလူမှုရေးကိစ္စတွေအကုန်လု့းရုံးလုပ်ငန်းကိစ္စတွေ ချိတ်ဆက်ပြီးဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒါရပြီးမှ NIV စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေပြန်ကောက်မယ်။ နိုင်ငံသားပြန်လည်စီစစ်ပြီးတော့ စမတ်ကတ်ကို သွားမယ့်ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ကုမ္ပဏီတွေနဲ့တွေ့ဆုံဆွေးနွေးပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အခုလက်ရှိလုပ်ဖို့ကိုဆပ်ကော်မတီ ၆ ခုလည်းဖွဲ့ပြီးဖြစ်ပါတယ်။ အခုဆက်လုပ်ဖို့အတွက်ကို ကုမ္ပဏီတစ်ခုနဲ့ Plan ရေးဆွဲနေပါတယ်။ ရေးဆွဲပြီးတာနဲ့မကြာခင်ကာလမှာ ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’’ဟု အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောသည်။ 
လက်ရှိတွင်အစိုးရသစ်၏ ၃ နှစ်တာကာလအတွင်း ပြည်သူ ၆၇၆၂၀၁၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကာ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်၍ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ 
မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ ကျား ၂၅၆၄၇၈၄၇ ဦး ၊ မ ၂၇၇၄၀၁၀၁ ဦး ၊ စုစုပေါင်း ၅၅၃၈၇၉၄၈ ဦး ရှိကြောင်း သိရသည်။ 


မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment