Sunday, June 2, 2019

ကလေးများ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော နိုင်ငံများ စာရင်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၀၉ ၌ ရပ်တည်


ကလေးများ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံက ၁၀၉ တွင် ရပ်တည်နေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ 
Save the Children က ယခုနှစ်တွင် ကလေးအခွင့်အရေးများ ဆိုင်ရာများနှင့် ပက်သက်သော ထုတ်ပြန်သည့် Global Childhood Report 2019 တွင် ဖော်ပြထားသည်။ 
ယင်းအစီရင်ခံစာသည် နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင်ရှိသော ကလေးသူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း၊ ပညာသင်ကြားခွင့်၊ အာဟာရပြည့်ဝမှုနှင့် အကာ အကွယ်ပေးခံရမှု၊ ကလေးလုပ်သားနှင့် အသက်မပြည်မီ အိမ်ထောင်ကျခြင်းတို့မှ အကာအကွယ်ရရှိမှု စသည့်အချက်များကို သုံးသပ်ဖော်ပြထားသည်။ 
လွန်ခဲ့သည့် အနှစ် ၂၀ တွင် ကလေးသူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုရရှိ ခြင်း၊ ပညာသင်ကြားခွင့်၊ အာဟာရပြည့်ဝမှုနှင့် အကာအကွယ်ပေးခံရမှု၊ ကလေးလုပ်သားနှင့် အသက်မပြည့်မီ အိမ်ထောင်ကျခြင်း ကဏ္ဍများတွင် မြန်မာနိုင်ငံသည် သိသိသာသာ ထင်ရှားသည့် တိုးတက်မှုရလဒ်များ ရှိသော်လည်း အသက်ငါးနှစ်အောက် ကလေး သေဆုံးမှုနှုန်းသည် ကလေး ၁ဝဝဝတွင် ၄၈ ဒသမ ၆ ဦး သေဆုံးနေခြင်း၊ ကလေး ပုညှက်နှုန်းမှာ ၂၉ ဒသမ ၃ ရာခိုင်နှုန်း နှင့် ကလေးသူငယ် ကျောင်းထွက်နှုန်းမှာ ၁၈ ဒသမ ၈ ရာခိုင် နှုန်း စသည့်အချက်များသည် မြန်မာနိုင်ငံ တစ်ဝန်းတွင်ရှိသော ကလေးသူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာများ ဖြစ်နေကြောင်း Save the Children က ထုတ်ပြန်ထားသည်။ 
မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် အရွယ်မရောက်မီ အိမ်ထောင်ကျနှုန်း ၁၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာ မြင့်မားနေသေးကြောင်း Save the Children က ဖော်ပြထားသည်။ 
ပဋိပက္ခဖြစ်ပွားသည့် နေရာများသည် ကလေးသူငယ်များ အတွက် အန္တရာယ်ရှိသော နေရာများဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများက ယင်းနေရာများတွင် ကလေးသူငယ်များကို အကာအကွယ်ပေးရန် ဦးစားပေး ဆောင်ရွက်ရန် အရေးတကြီး လိုအပ်ကြောင်း Save the Children မှ Michael McGrath က ပြောကြားသည်။ 
ကလေးများ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော နိုင်ငံအဖြစ် စင်ကာပူနိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ယင်းနောက်တွင် ဆွီဒင်၊ ဖင်လန်၊ နော်ဝေး၊ ဆလိုဗေနီးယား၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ကိုရီးယား၊ ဘယ်ဂျီယံနိုင်ငံတို့က ထိပ်ဆုံးစာရင်းတွင် ရပ်တည်နေသည်။ 
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ၃၆၊ ၈၆၊ ၁၁၃၊ ၁၄၅၊ ၁၂၇ တို့ဖြင့် အသီးသီး ရပ်တည်နေကြောင်း Save the Children ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။         

Eleven Media Group

0 comments:

Post a Comment