Sunday, June 2, 2019

စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲဖြစ်ချိန်တွင် မွေးမြူရေးလုပ်ငန်းကို ဦးစားပေး လုပ်ကိုင်သင့်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော


စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲဖြစ်ချိန်တွင် ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကို ဒုတိယဦးစားပေး လုပ်ငန်းအဖြစ် အစားထိုး လုပ်ကိုင်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။ 
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဆန်စပါးနှင့် ပဲအမျိုးမျိုးကိုသာ အများအပြား စိုက်ပျိုးလေ့ရှိသော်လည်း သီးနှံဖြစ်မဖြစ်ထွန်းခြင်း၊ ဈေးကွက်အခက်အခဲဖြစ်ခြင်းတို့ ကြုံတွေ့ရပါက အစားထိုးလုပ်ဆောင်ရန် ငါး၊ ပုစွန်၊ ဂဏန်းပျော့စသည့် မွေးမြူရေးလုပ်ငန်းများ ကို ဒုတိယ ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ကိုင်သင့်ကြောင်း ၄င်းက ဆိုသည်။ 
“တစ်ကမ္ဘာလုံးလည်း ဆန်စပါးစိုက်လာတယ်။ ဒီနိုင်ငံထက် အဆင့်မြင့်ပြီး အရေအသွေးက ပိုကောင်း တယ်။ ဒီမှာက အခုမှ စပါးကို အရည်အသွေးပိုင်းထက် အရေအတွက်များအောင်၊ အထွက်ကောင်း အောင် စနေရတုန်းရှိသေးတယ်။ နိုင်ငံတကာ ဈေး ကွက်ကို ထိုးဖောက်ဖို့ ခဲယဉ်းတယ်။ ဒီနိုင်ငံမှာက ဒီသီးနှံ မကောင်းရင် ဘာစိုက်မယ်။ ဘယ်လိုအခက်အခဲဖြစ်ရင် ဘာလုပ်မယ် ဆိုတာ တိတိကျကျ မရှိ ဘူး။ စိုက်ပျိုးရေး လုပ်ငန်းမကောင်းရင် ဒုတိယ အစီအစဉ်အနေနဲ့ မွေးမြူရေးလုပ်ငန်းကို အစားထိုး လုပ် မယ်ဆိုရင် တိုင်းအတွက်ရော၊ နိုင်ငံအတွက်ရော ဝင်ငွေကောင်းကောင်းရမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆို သည်။ 
စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံ၏ ပင်မစီးပွားရေးလုပ်ငန်းဖြစ်သော်လည်း လက်ရှိအချိန်၌ မြန်မာ့ ဆန်စပါးသည် တစ်ဧက စိုက် ပျိုးထွက်ရှိမှု နည်းရုံသာမက အရည်အသွေးအပိုင်းပါ အားနည်းသောကြောင့် နိုင်ငံတကာကို ထိုးဖောက်ရန် ခဲယဉ်းသည့်အတွက် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသည့် မွေးမြူရေးလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်သင့်ကြောင်း ၄င်းကဆိုသည်။ 
“ကမ္ဘာလူဦးရေ သန်း ၃၆၀၀ ကျော်ဟာ ငါးစားသုံးမှု ၂၀ ကီလိုကနေ ၃၀ ကီလိုအထိ တိုးတက်လာတယ်လို့ သိရတယ်။ မြန်မာ နိုင်ငံက ငါးဝယ်ချင်လို့ ကမ်းလှမ်းထားတာတွေ ရှိပေမယ့် မတင်ပို့နိုင်တာတွေရှိတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ 
ယနေ့ခေတ်ကာလတွင် ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း၏ ဆန်စားသုံးမှု တစ်ဖြည်းဖြည်းကျဆင်းလာပြီး ဟင်း သီး ဟင်းရွက်၊ အသား၊ ငါး စသော အခြားဖြည့်စွက် အစားအစာများကို အစားထိုး စားသုံးမှုများ ပြားလာကြောင်းလည်း မြန်မာ နိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူမျာအသင်းမှ သိရသည်။ 

သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment