Sunday, June 2, 2019

ညောင်ရွှေမြို့နယ် မိုင်းသောက်ရှိ ဧက ၉၀ သဘာဝကျွန်းရိုင်းတော မြေနေရာသည် ဒေသခံများ တောင်းဆိုနေသည့် ရည်ရွယ်ချက်သို့ ရောက်ရှိခြင်း မဟုတ်ဘဲ စိုးရိမ်စရာ ဖြစ်နေသေးဟု ပြောကြား


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ရှိ ဧက ၉၀ သဘာဝကျွန်းရိုင်းတောမြေ နေရာသည် ဒေသခံများလိုလား တောင်းဆိုနေသည့် အန္တိမရည်ရွယ် ချက်ပန်းတိုင်သို့ ရောက်ရှိသေးခြင်း မဟုတ်ဘဲ စိုးရိမ်စရာ အခြေအနေမှာပင် ရှိနေသေးသည်ဟု ECCD အဖွဲ့က ပြောကြားခဲ့သည်။ 
အဆိုပါ မိုင်းသောက်ဧက ၉၀ မြေနေရာတွင် မြန်မာနိုင်ဂရုကုမ္ပဏီက ဟိုတယ်တည်ဆောက်မည့် လုပ် ငန်းကို ပယ်ဖျက်ပေးခဲ့သော်လည်း၊ မြေနေရာကို သဘာဝကျွန်းရိုင်း တောမြေနေရာအဖြစ် ပြန်လည် သတ်မှတ်ပေးခြင်း မရှိသေးသဖြင့် စိတ်ချရသည့် အနေအထား မရှိသေးကြောင်း ECCD အဖွဲ့မှ ဒေါ်ခင်စိုးဝင်းက ပြောသည်။ 
“အင်းလေးကန် မိုင်းသောက် ဧက ၉၀ ဟာအခုဆိုရင် လူအများသိ ထားတာကလူထု လိုအပ်ချက်ကို ဖြည့်ပေးလိုက်တယ်လို့ပဲ နားလည် နေပေမယ့် တကယ်တမ်းကျတော့ လူထုတကယ်မျှော်လင့်နေတဲ့၊ ကျွန်မတို့ ဒေသခံလူထုတွေ မျှော်လင့်နေတဲ့ အဖြေက မရနေသေးဘူးပေါ့။ ဟိုတယ်ဆောက်လုပ်ခွင့်က မပေး တော့ဘူးဆိုပေမယ့် Eco-Tourism လုပ်ငန်းကို ဒေသလူထုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆက်လုပ်လာနိုင်တယ် ဆိုတာကို ပြောထားတဲ့အတွက်ကြောင့် Eco-Tourism လုပ်ငန်းသည် ဘယ်လောက် အတိုင်းအတာအထိ ဆိုတာကို ကျွန်မတို့ သိမနေဘူး။ နောက်ပြီးကျွန်မတို့ လိုချင်တာကလဲ Eco-Tourism လုပ်ငန်းကို တောင်းဆိုထားတာ မဟုတ်ဘူး။ ကျွန်မတို့ လိုချင်တာက နဂိုအတိုင်း၊ ဒီနေရာသည် ဘေးမဲ့နေရာ ဖြစ်တဲ့အတွက် ဘေးမဲ့နေရာအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ဆိုတာ ကျွန်မတို့ဒေသခံတွေရဲ့ အန္တိမ ရည်ရွယ်ချက် ဖြစ်တယ်။ အဲဒီရည်ရွယ်ချက် ရောက်အောင်လည်း ဆက်ကြိုးစားသွားမယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကတိတော့ မပေးသွားဘူး။ အဲဒါကို မသိရသေးဘူး။ တရားဝင် ကြေညာထားတာကတော့ ဟိုတယ်လုပ်ငန်းကို မလုပ်တော့ဘူး။ Eco-Tourism လုပ်ငန်းကို ဒေသခံ လူထုနဲ့ ညှိနှိုင်းပြီးတော့ လုပ်နိုင်တယ် ဆိုတာကို ပြောလိုက်တယ်” ဟု ECCD အဖွဲ့မှ ဒေါ်ခင်စိုးဝင်းက ပြောသည်။ 
အဆိုပါ မိုင်းသောက်ဧက ၉၀ သဘာဝကျွန်းရိုင်း တောနေရာတွင် ဟိုတယ်တည်ဆောက်မည့် စီမံကိန်း ကိုကန့်ကွက်ခြင်း အနေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်တွင် လူထုဆွေးနွေးပွဲကမ်ပိန်း ပြုလုပ်ခဲ့ပြီး၊ အဆိုပါ လူထုဆွေးနွေးပွဲတွင် မိုင်းသောက်ဧက ၉၀ ကျွန်းရိုင်းတောကို ဘေးမဲ့တော ဧရိယာအဖြစ် ပြန်လည်သတ်မှတ် ပေးနိုင်ရန် ရည်မှန်းချက်ထားပြီး ကာကွယ်ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။ 
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအုပ်စု၊ သကြားစက်ကွင်း၊ ကွင်းအမှတ် (၃၇) ရှိမြေ ၄၅ ဧကပေါ်တွင် ဟိုတယ်ဆောက်လုပ်ရန်အတွက် မြေလွတ်မြေလပ်နှင့် မြေရိုင်းအသုံးပြုခွင့်ရရှိရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လုပ်ငန်းရှင် ဦးထွန်းနိုင်ရွှေ (Myanmar Naing Group Co.,Ltd) က တင်ပြလျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သဘာဝကျွန်းရိုင်းတော မြေနေရာတွင် ဟိုတယ် တည်ဆောက်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ òန်ကြားချက်ဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
အင်းလေးကန်၏ အစိတ်အပိုင်းဖြစ်သော မိုင်းသောက် မြေဧက ၉၀ ကိုကာကွယ်သင့်သည့် အကြောင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျွန်းမျောရိုင်းများသည် တောင်ပေါ်က မိုးရေတိုက်စားပြီး ဆင်းလာသော နုံးများကို ကာကွယ်ပြီးသားဖြစ်၍ အင်းလေးကန် အလျင်အမြန် တိမ်ကောခြင်းကို ကာကွယ်ထား ကြောင်း၊ ထိုမြေဧက ၉၀ တွင် သဘာဝ ရေထွက်၊ ရေချိုတွင်းများရှိသဖြင့် ပျက်စီးသွားနိုင်ကြောင်း၊ နယ်နိမိတ် သတ်မှတ်ချက်တွင် အနောက်ဘက် အင်း ရေပြင်အထိ ပါဝင်သောကြောင့် မိုင်း သောက်အင်းရွာရေခြံများ၊ အင်းခြေ များရွှေ့ပြောင်းပေးရမည့် အခြေအနေရှိနေကြောင်း၊ အင်းလေးကန်အ ဝန်းအဝိုင်း၏ ကြီးမားသောသား ငှက်ထိန်းသိမ်းရေးနယ်မြေဖြစ်နေ ခြင်း၊ ခရိုနီများ။ အာဏာရှိသူများ အင်းလေးကန်ကိုဆက်ပြီး ထင်တိုင်း ကြဲလုပ်ချင်သ လိုလုပ်လာနိုင်ကြောင်း၊ သဘာဝနည်းဖြင့် တည်ရှိနေသော ငွေကြေးဖြင့် မည်သို့မျှတန်ဖိုးမဖြတ် နိုင်သောအင်းလေးကန်၏ အရင်း အမြစ်ဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သဘာဝအရင်းအမြစ်ကို ထိခိုက်ပျက်စီး ဆုံးရှုံးစေမယ့် လုပ်ရပ်အားလုံးကို ကာကွယ်ရမည်ဖြစ်ကြောင်း လူထုသဘောထားအရ သိရသည်။ 
မိုင်းသောက် ပထမကျောင်းမှ ဆရာတော် မိန့်ကြားသည်မှာ အင်း လေးကန် ခေါင်တိုင်အုပ်စု၊ အင်းပေါခုန်၊ တောင်တိုအုပ်စု- ရေပြွန်ကြီး၊ သာလေးအုပ်စုနှင့် မိုင်းသောက်အုပ်စုတို့တွင် သဘာဝကျွန်းရိုင်းတော များစွာ တည်ရှိခြင်း ဖြစ်သဖြင့် စံပြအနေဖြင့် မိုင်းသောက်ဧက ၉၀ ကိုထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ထိုဧက ၉၀ တွင် ဟိုတယ်တည်ဆောက်ရန် သဘောတူလက်မှတ် ရေးထိုးနေကြသော အဖွဲ့အစည်းများနှင့် ပေးသူယူ သူများကိုလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသင့်ပါကြောင်း ဆရာတော် ဦးဝိဓဒဉာဏက မိန့်ကြားခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment