Monday, June 3, 2019

နယ်မြေကျော် ကျောင်းအပ်လက်မခံခြင်းနှင့်ပတ်သက်၍ ကျောင်းသားမိဘအချို့က တိုင်းပညာရေးမှူးရုံးထံ အသနားခံ တောင်းဆိုသွားမည်ဟု သိရ

ဗိုလ်တထောင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်းတက်မည့် ကလေးငယ်များကို နယ်မြေကျော် ကျောင်းအပ်လက်မခံခြင်းကြောင့် တိုင်းပညာရေးမှူးရုံးသို့ ကျောင်းသားမိဘအချို့က အသနားခံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဇွန် ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 
“ကျွန်မရဲ့ သားအကြီးကောင်နှစ်တန်းကျောင်းသားက ဒီကျောင်းမှာတက်တာပါ။ ကျွန်မကနေတာက မင်္ဂလာတောင်ညွန့်မှာနေတာပါ။ အခု ကျွန်မသမီး KG ကို ဒီမှာ ကျောင်းလာအပ်တာပါ။ အဲဒါ လက်မခံတော့ပါဘူး။ အခု ကျွန်မတို့က ဒီကျောင်းမှာလည်း တစ်ယောက် ဟိုကျောင်းမှာလည်းတစ်ယောက် ထားရမလိုဖြစ်နေပြီ။ အဲဒီလိုထားတော့ ကျွန်မတို့အတွက် ကျောင်းကြိုကျောင်းပို့လုပ်ရတာ အရမ်းဒုက္ခ ရောက်ပါတယ်။ နှစ်တန်းက ကျွန်မသားကလည်း ဒီကျောင်းမှာပဲ တက်လာတာပါ။ သူကတော့ ကျောင်းမပြောင်းချင်ဘူးလေ။ အဲဒါကြောင့် ဒီကျောင်းမှာပဲ နှစ်ယောက်စလုံးတက်ရဖို့ တိုင်းပညာရေးမှူးရုံးကို အသနားခံစာနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။ 
နယ်မြေကျော် ကျောင်းအပ်လက်မခံခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် များစွာဒုက္ခရောက်ကြောင်း၊ ကျောင်းသားများသည်လည်း ကျောင်းမတက်ခင်ကတည်းက မပျော်မရွှင်ဖြစ်ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 
ထို့နောက် ကျောင်းသားမိဘတစ်ဦးကလည်း ကျောင်းဖွင့်တော့မည် ဖြစ်သည့်အတွက် ဘာလုပ်ရမှန်းမသိကြောင်း၊ တစ်ကျောင်းတွင် တစ်ဦးစီထားလျှင် ၎င်းတို့အနေဖြင့် များစွာဒုက္ခရောက်ကြောင်း၊ ထို့ကြောင့် တိုင်းပညာရေးမှူးရုံးသို့ အသနားခံစာဖြင့် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစန္ဒာအောင်အား ဆက်သွယ်မေးမြန်းရာတွင် “ကျောင်းရဲ့အခန်းတွေက အရမ်းကျဉ်းလွန်းအားကြီးတယ်။ အဲဒီလို ညီအစ်ကိုမောင်နှမ အစဉ်အလာတွေက ဒီကျောင်းမှာ ဆက်တိုက်နေခဲ့ကြတာများတယ်။ မိရိုးဖလာ ဒီမှာပဲနေခဲ့ကြတာတွေများတယ်။ အသနားခံစာ သွားရောက်တောင်းဆိုတဲ့အပေါ်မှာတော့ ဒါမိဘတွေက အခွင့်အရေးရှိတယ်လေ။ မိဘတွေက တောင်းဆိုခွင့်ရှိလာပြီ။ တောင်းဆိုပါစေပေါ့နော်။ ဆရာမကြီးတို့က အထက်က ညွှန်ကြားချက်အတိုင်း လုပ်ရတာလေ။ တကယ်လို့ အသနားခံစာတောင်းဆိုလို့ ချပေးတယ်ဆိုရင်တော့ လက်ခံရမှာပေါ့။ အဆင်ပြေအောင် လုပ်ပေးရမှာပေါ့။ အထက်ကလူကြီးတွေ ညွှန်ကြားတဲ့အတိုင်း လုပ်ပေးရမှာပေါ့” ဟု ပြောကြားသည်။ 
ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသည် မေ ၂၅ ရက်နှင့် ၂၆ ရက်တွင် မူလတန်း၊ ၂၇ ရက်နှင့် ၂၈ ရက်တွင် အလယ်တန်းနှင့် ၂၉ ရက်နှင့် ၃၀ ရက်တွင် အထက်တန်း စသည်ဖြင့် အဆင့်ဆင့် ကျောင်းအပ်လက်ခံခဲ့ပြီး ကျောင်းသားသစ် KG တန်းများကို ၂၈ ရက် နှင့် ၂၉ ရက်တွင် စတင်လက်ခံခဲ့ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment