Monday, June 3, 2019

"အဂတိလိုက်စားမှု နာလန်မထူနိုင်အောင် ဆောင်ရွက်နေ" ဟု ကော်မရှင်ဆို


အဂတိလိုက်စားမှုအား မြန်မာနိုင်ငံတွင် လုံးဝ ပြန်လည် နာလန်မထူလာနိုင်စေရေးအတွက် အစီအစဉ်များချမှတ်ဆောင်ရွက်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်မှ ပြောကြားလိုက်သည်။ 
“ကော်မရှင် အနေဖြင့် မျက်မှောက်ကာလတွင် သာမက နောင်ရှည်လျားစွာသော အနာဂတ်အတွက် ပါမျှော်မှန်းလျက် အဂတိလိုက်စားမှု (သို့) အကျင့်ဖောက်ပြန်မှုသည် မြန်မာနိုင်ငံတွင် လုံးဝ ပြန်လည် နာလန်မထူလာနိုင်စေရေးအတွက် အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးအောင်ကြည်ကပြောသည်။ 
ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် “ဖြောင့်မတ်တည်ကြည်မှု”လူငယ်စခန်း ၂၀၁၉ ဖွင့်ပွဲအဖွင့်မိန့်ခွန်းတွင် ဦးအောင်ကြည်မှ အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုဆောင်ရွက်ရာတွင် ကော်မရှင်တစ်ခုတည်းဖြင့် ပြီးမြောက်အောင်မြင်သည် အထိ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အတွက် လူငယ်များ ပါဝင်ဆောင်ရွက်မှုကို လက် ကမ်းကြိုဆိုရမည်ဖြစ်ကြောင်း ဦးအောင်ကြည် ကပြောကြားခဲ့သည်။ 
လူငယ်များသည် မြန်မာနိုင်ငံလူ့ အဖွဲ့အစည်းအတွင်းသို့ ဖြောင့်မတ်တည်ကြည်သည့် ယဉ်ကျေးမှုတစ် ရပ်ပေါ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲပေးနိုင်သည့် အခြေခံအရည်အချင်းများရှိကြသော်လည်း တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် ဓလေ့ထုံးတမ်းသဖွယ်ဖြစ်နေသည့် အဂတိလိုက်စားမှု ပုံစံတစ်မျိုးမျိုး၏အန္တရာယ်မှ လုံးလုံးလျားလျားမလွတ်ကင်း နိုင်သေးကြောင်း ဦးအောင်ကြည် က ပြောသည်။ 
ထို့ကြောင့် လူငယ်များအား အကျင့်ဖောက်ပြန်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း ရှင်းလင်းနားလည် သဘောပေါက်စေရန် လက်ဆင့်ကမ်းမျှဝေပေးရမည့် တာဝနမ်ရှိသ်ည့ အပြင် အကျင့်ဖောက်ပြန်မှုအား တိုက်ဖျက်နိုင်သည့် ၎င်း တို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ၎င်း ကပြောသည်။ 
ယင်းအတွက်ကြောင့် “ဖြောင့်မတ်တည်ကြည်မှု”လူငယ်စခန်း အားဖော်ဆောင်ရခြင်း ရည်ရွယ်ချက်သည် အဂတိလိုက်စား မှုတိုက်ဖျက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် လူငယ်ထုပါဝင်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး(သို့) ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်တို့၏ လိုက်နာသင့်သည့် ကျင့်ဝတ်များ ဖွံ့ဖြိုးတိုးတက်လာစေရးတို့ကို ရည်ရွယ်ကြောင်း သိရသည်။ 
ယင်းစခန်းကို နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်၊ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့၏ ပံ့ပိုးကူညီမှု၊ UNODC ၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
The Fifth Wave News 

0 comments:

Post a Comment