Monday, June 3, 2019

ကျိုင်းတုံရဲစခန်းမှ ICE ကို ကျောက်ချဉ်နှင့် အစားထိုးထားသည့်အမှု၊ ထွက်ပြေးနေသည့် ရဲတပ်ကြပ်ကြီးကို ဖမ်းမိ


ကျိုင်းတုံမြို့မရဲစခန်းအတွင်းရှိ စတိုခန်းထဲ သက်သေခံအဖြစ် သိမ်းဆည်းထည့်ထားသည့် ဖမ်းမိမူးယစ်ဆေး ICE အချို့ကို ကျောက်ချဉ်နှင့် အစားထိုး လဲလှယ်ခဲ့သည့် အမှုနှင့် ပတ်သတ်ပြီး အဓိကတာဝန်ရှိသည့် စတိုသော့ကိုင်ရဲတပ်ကြပ်ကြီးကို မနေ့က ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။ 
ကျိုင်းတုံ ရဲစခန်းအတွင်း သက်သေခံအဖြစ်သိမ်းထားသော မူးယစ်ဆေးများကို နေပြည်တော်သို့လွှဲပြောင်းပို့ဆောင်ရန်ပြန်လည်စီစစ်ရာတွင် ကျောက်ချဉ်နှင့် လဲလှယ်ထားကြောင်း စီစစ်တွေ့ရှိခဲ့သဖြင့် စစ်ဆေးနေစဉ် သော့ကိုင် ရဲတပ်ကြပ်ကြီးမြင့်နိုင်မှာ ထွက်ပြေး တိမ်းရှောင် သွား၍ ရဲက အမှုဖွင့်ပြီး ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 
ဖမ်းမိခဲ့သူမှာ ယင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် မှုခင်းစာရေး ရဲတပ်ကြပ်ကြီး ဖြစ်ပြီး၊ စတိုသော့ကိုင် တာဝန်ယူထားသူလည်းဖြစ်သည်။ 
၎င်းမှာ ရဟန်းဝတ်ပြီး တိမ်းရှောင်နေသဖြင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် သံဃနာယကအဖွဲ့များ၏ အကူအညီ ရယူကာ သိက္ခာချပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်မောင်ဦးက ပြောသည်။ 
‘’ တောင်ကြီးခရိုင်ထဲက တီကျစ်ဘက်မှာ သူက လာတိမ်းရှောင်နေတာ၊ကျိုင်းတုံရဲစခန်းက သူ့ရဲ့ သတင်းအချက်အလက်တွေကို ရဲစခန်းအားလုံးကို ဖြန့်ဝေထားပြီးသား။ ဒီတော့ အားလုံးက ဖမ်းမိဖို့ကြိုးစားကြတယ်။ စုံစမ်းကြရင်းသူက ရွာတစ်ရွာမှာ ဘုန်းကြီး ၀တ်နေတယ်လို့ စုံစမ်းလို့ ရခဲ့တယ်။ သူ့ကိုတော့ တီကျစ်နယ်မြေရဲစခန်းမှူး ရဲအုပ်လွင်အောင်မိုးက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဖမ်းလိုက်တာပါ‘’ ဟု ပြောသည်။ 
ICE မူးယစ်ဆေး ၆၄ ကီလိုခန့်ကို ကျောက်ချဉ်များဖြင့် လဲလှယ်ထားသဖြင့် ကာလပေါက်ဈေးနှင့် တွက်ချက်ပါက ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်ရှိကြောင်း သိရသည်။ 
လက်ရှိတွင် စတိုသော့ကိုင်ရဲတပ်ကြပ်ကြီးကို စစ်ဆေးမှုများပြုလုပ်နေပြီး ဆက်စပ်တရားခံများကိုပါ ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့ ကဆောင်ရွက်နေသည်ဟု သိရသည်။ 
ဇွဲခန့် 
ဓါတ်ပုံ-ရဲတပ်ဖွဲ့
Isee Media 

0 comments:

Post a Comment