Thursday, August 1, 2019

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်မည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအတွက် ဂျပန်အခြေစိုက် နိပွန်ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ခြောက်သောင်းခြောက်ထောင်ကျော်ဖြင့် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
“အဓိကတော့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေအတွက် အိမ်ရာရယ်၊ ဆေးပေးခန်းရယ်နဲ့ မွန်အမျိုးသားစာသင်ကျောင်းတွေကို ဆောက်လုပ်သွားမယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်ဟံသာဗိုန်ခိုင်က ပြောဆိုသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် ကြားကာလအစီအစဉ်တွင် ဒေသဖွံ့ဖြိုးရေးလည်းပါဝင်ပြီး လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် အလယ်အလတ်ဖွံ့ဖြိုးရေး အစီအစဉ်အနေနှင့် ပထမဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများတွင် အိမ်ရာပေါင်း ၃၃၀ လုံး၊ ဆေးခန်း ၂ ခုနှင့်၊ စာသင်ကျောင်း ၆ ကျောင်းကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တစ်ထပ်အိမ်ရာတစ်လုံးလျှင် ကျပ် ၁၆၆ သိန်း စုစုပေါင်း အိမ်ရာ ၃၃၀ လုံး၊ ဆေးပေးခန်းတစ်ခုလျှင် သိန်းတစ်ထောင်ဖြင့် ဆေးပေးခန်း ၂ လုံး၊ ကျောင်းဆောင်တစ်ဆောင်လျှင် ကျပ်သိန်း ၁၅၀ ဖြင့် ကျောင်းပေါင်း ၆ ကျောင်း၊ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ခြောက်သောင်းခြောက်ထောင်ကျော် အကုန်အကျခံ ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဆောက်လုပ်မယ့် လုပ်ငန်းအားလုံးကတော့ ရေးမြို့နယ်ထဲမှာပဲ၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတော့ အမျိုးသား စာသင်ကျောင်း တစ်ကျောင်းပါတယ်။ အိမ်ရာကတော့ တပ်နဲ့ နီးတဲ့ကျေးရွာမှာ တည်ဆောက်သွားမယ်၊ ကနီတို့၊ ချေတိုက်တို့နဲ့ ပလယ်ဒုန်ဖိုက်တို့မှာ ဆောက်သွားမယ်၊ အများအားဖြင့်ကတော့ မွန်ပြည်သစ်ပါတီ နယ်မြေထဲမှာပဲ များလိမ့်မယ်၊ အိမ်ရာကတော့ တပ်ဖွဲ့ဝင်တွေကို အခမဲ့ ပေးသွားမယ်”ဟု နိုင်ဟံသာဗိုန်ခိုင်က ထပ်လောင်းပြောဆိုသည်။

အဆိုပါဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်သစ်ပါတီတို့၏ သဘောတူညီမှုထောက်ခံချက် လိုအပ်သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့်အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ ဧပြီလတွင် အပြီးသတ်နိုင်ရန် စီမံကိန်းရေးဆွဲထားကြောင်း၊ ဆောက်လုပ်မည့် ကုမ္ပဏီများကိုလည်း တရားဝင်မှတ်ပုံတင် ရရှိထားသည့် ဒေသတွင်းကုမ္ပဏီများကို မွန်ပြည်သစ်ပါတီက ရွေးချယ်၍ ပြည်နယ်အစိုးရက လက်ခံအတည်ပြုပေးမည်ဖြစ်ပြီး ပြည်နယ်အစိုးရမှ အတည်ပြုထားသည့် ကုမ္ပဏီများကိုလည်း နိပွန်ဖောင်ဒေးရှင်းက အင်တာဗျူး ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လွန်ခဲ့သည့် ဧပြီလတွင် နိပွန်ဖောင်ဒေးရှင်းက မွန်ပြည်သစ်ပါတီအတွက် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးအတွက် စက်ယန္တရားများကို တစ်ကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ယခု ထပ်မံ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

The Voice

0 comments:

Post a Comment