Thursday, August 1, 2019

ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် လျှောက်ထားမှု ဥပဒေနဲ့ မညီညွတ်ဟု ဆို

ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ဆရာမ နှင်းနုကိုသံသယတရားခံအဖြစ် ရုံးတော်ရှေ့ ခေါ်ဆောင်စစ်ဆေးပေးရန် ဦးတိုက်လျှောက်ထားမှုနှင့်ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ယနေ့ရုံးချိန်းတွင် ဥပဒေအရာရှိက တင်ပြခဲ့သည်။
“လျှောက်ထားမှုကို တရားသူကြီးက စိစစ်ပေးဖို့ ဥပဒေအရာရှိရုံးကို စာပြန်လွှဲခဲ့တယ်။ ဒီစာနဲ့ ပတ်သက်ပြီး ဥပဒေဘက်က ဒီနေ့ရုံးချိန်းမှာ သဘောထားမှတ်ချက်ပေးတယ်။ ဘယ်လိုပေးလဲဆိုတော့ ဒီလျှောက်ထားမှုက ဥပဒေနဲ့ မညီညွတ်ဘူး။ တရားလိုဘက်က သက်သေအထောက်အထားရှိမယ်ဆို ရဲစခန်းမှာ အမှုအသစ် ပြန်ဖွင့်တာဖြစ်ဖြစ် ဒါမှမဟုတ် ဦးတိုက်လျှောက်ထားခြင်းဖြစ်ဖြစ် လုပ်ဆောင်သင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့တယ်”ဟု တရားလိုဘက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က မီဒီယာများကို ရှင်းပြသည်။

ပြီးခဲ့သည့် ရုံးချိန်းက တရားလိုဖြစ်သူ ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူက ဆရာမနှင်းနုအား သတင်းထိန်ချန်မှုဖြင့် နောက်တိုး သံသယတရားခံအဖြစ် ရုံးတော်ရှေ့ ခေါ်စစ်ဆေးပေးရန် ဦးတိုက်လျှောက်ထားခဲ့သော်လည်း အမှုမှာ မုဒိမ်းမှုဖြစ်နေသောကြောင့် ပုဒ်မ ၃၇၆ တွင် သတင်းထိန်ချန်မှုဖြင့် နောက်တိုး သံသယရှိ တရားခံကို ထပ်မံဖမ်းဆီးစစ်ဆေးနိုင်ခွင့် ဥပဒေ၌ မပါရှိသောကြောင့် လျှောက်ထားမှုမှာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ဥပဒေအရာရှိဘက်က ရုံးတော်ထံ တင်ပြခဲ့သည်။

တရားလိုဖြစ်သူဘက်မှ နောက်ထပ် ဦးတိုက်လျှောက်ထားမှုတစ်ခုဖြစ်သော အခင်းဖြစ်နေရာ Wisdom Hill မူကြိုကျောင်းသို့ ရုံးတော်မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြည့်ရှုပေးရန် ဦးတိုက်လျှောက်ထားမှုကို ဥပဒေအရာရှိဘက်မှ လက်ခံသင့်ကြောင်း ရုံးတော်ထံ တင်ပြခဲ့ပြီး တရားရုံးမှလည်း သွားရောက်စစ်ဆေးရန် သင့်တော်မည့်နေ့ရက်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေဒေါ်ရွက်နုအောင်ထံမှ သိရသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲချုပ်ဖြစ်သူက ဗစ်တိုးရီးယားလေးမှာ ၎င်း၏ သူငယ်ချင်းများကို Friend ဟု ခေါ်ဆိုပြီး အသက်ကြီးသူများကို ကိုကိုဟု ခေါ်ဆိုတတ်ကြောင်း ပြောကြားခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူက နေအိမ်လာလည်သည့် ခင်ပွန်း၏ မိတ်ဆွေအပေါင်းအသင်းများကို သမီးဖြစ်သူက ကိုကိုလို့ မခေါ်ဘဲ ဦးဦးဟု ခေါ်ဆိုလေ့ရှိကြောင်း ထွက်ဆိုသွားသည်။

“ကိုကို နှစ်ယောက်လုပ်တာ၊ အခန်းကျယ်ထဲ ကိုကိုက ခေါ်သွားတာ၊ တီချယ်နှင်းနု သိတယ်၊ တီချယ်က ကိုကို့ကို ဆူလိုက်ပြီး သမီးကို ရေဆေးပေးတယ်”ဟု ဗစ်တိုးရီးယားလေး၏ ပြောစကားများကို မိခင်ဖြစ်သူက ပြီးခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့အပြင် ယင်းကိုကိုမှာ မီးမီးကို ချိုချဉ်ကျွေးခဲ့ကြောင်းနှင့် ကိုကိုက မီးမီးနဲ့ လာကစားတယ်လို့ သမီးထံမှ သိရှိခဲ့သည့် အကြောင်းအရာများပါ ဆက်လက်ထွက်ဆိုထားသည်။

ယနေ့ ရုံးချိန်းကို ဒက္ခိဏခရိုင်တရားရုံးတွင် နံနက် ၁၀ နာရီခွဲ၌ စတင်စစ်ဆေးခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် တရားလို ဖြစ်သူကို စစ်ဆေးမေးမြန်းချက် ပြီးဆုံးခဲ့သောကြောင့် တရားခွင် ရပ်နားခဲ့ပြီး လာမည့် သြဂုတ် ၁၄ ရက်နေ့တွင် ဗစ်တိုးရီးယားလေး၏ ဖခင်ဖြစ်သူကို စစ်ဆေးရန် ရုံးချိန်းရက် သတ်မှတ်ပေးခဲ့သည်။

ယင်းအမှုမှ ဗစ်တိုးရီးယားလေးကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေးရန်လည်း တရားရုံးက ရုံးချိန်းရက် သတ်မှတ်ထားသည်။

The Voice

0 comments:

Post a Comment