Thursday, August 1, 2019

ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ် အတိုးနှုန်းများ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ အကြွေးဝယ်ကတ် (Credit Card) အတိုးနှုန်းများ ဘဏ်တစ်ခုချင်းစီ၏ မူဝါဒအလိုက် အသီးသီးတိုးမြှင့် သတ်မှတ်ကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။
အဆိုပါ အကြွေးဝယ်ကတ် အတိုးနှုန်းထားများကို ဗဟိုဘဏ်၏ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနိုင်ကြောင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ် ကတ်နှုန်းထားများကို ယခင်က ၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းကြား ကောက်ခံရန် ညွန်ကြားခဲ့ရာမှ ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲ ကောက်ခံရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်များက အကြွေးဝယ်ကတ် နှုန်းထားများကို ယခင်က အနိမ့်ဆုံး ၁၃ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၆ရာခိုင်နှုန်းအထိ ကောက်ခံရာမှ လက်ရှိတွင် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံနေပြီဖြစ်ကြောင်း ဘဏ်များထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ အကြွေးဝယ်ကတ်နှုန်းထားများမှာ ဧရာဝတီဘဏ်က ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဇဘဏ်က ၂၀ ရာခိုင်နှုန်း၊ စီဘီဘဏ်က ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း အဆိုပါဘဏ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် သတိပေးချက်အရ  Master၊ Visa စသည့် Prepaid ကတ်ကိုင်ဆောင်သူများသည် နိုင်ငံခြားသွားရောက်မှသာ ငွေသားသုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်း၌ ပေးချေမှုတွင် Credit ကတ်ဖြင့်သာ သုံးစွဲခွင့်ပြုမည်ဖြစ်သည်။  

ပြည့်ဖြိုးမြင့်မွန်
The Voice

0 comments:

Post a Comment