ဘရာဇီးနိုင်ငံတွင် အမေဇုန်သစ်တော မီးလောင်မှု အရေအတွက် စံချိန်တင်မြင့်မားမှုသည် သမ္မတ ဘော်လ်ဆန်နာရိုလက်ထက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ငွေရိုက်မှု များစွာ လျော့နည်းလာခြင်းနှင့် တိုက်ဆိုင်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဒဏ်ငွေချမှတ်မှု ပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် လေးချိုးသုံးချိုးခန့်သာရှိသည်။
တစ်ချိန်တည်းတွင် တောမီးလောင်မှု အရေအတွက်သည်လည်း ၈၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ အဆိုပါမီးလောင်မှုများအနက် တမင်မီးရှို့မှု မည်မျှပါဝင်သည်ကို မသိရသော်လည်း ဘော်လ်ဆန်နာရိုအစိုးရသည် သစ်တောဖျက်ဆီးမှုများကို အပြစ်မပေးခြင်းအားဖြင့် မီးစိမ်းပြထားသည်ဟု ဝေဖန်သူများက ထောက်ပြသည်။
ဘော်လ်ဆန်နာရိုသည် နိုင်ငံတကာ၏ဝေဖန်မှုများ မြင့်တက်လာချိန်ကျမှ တောမီးငြှိမ်းရန် စစ်တပ်ကိုစေလွှတ်ခဲ့ပြီး အမေဇုန်ကိုကာကွယ်ရန် ဆန္ဒရှိပါသည်ဟု ပြောဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော အမေဇုန်သစ်တောများသည် ကမ္ဘာကြီး ပူနွေးလာမှုကို နှေးကွေးစေသော အရေးပါသည့် ကာဗွန်သိုလှောင်ရုံများဖြစ်သည်။ ကမ္ဘာမြေ၏ အသက်ရှူသော အဆုပ်များဟု တင်စားကြသည့် အမေဇုန်သစ်တောများတွင် ဒေသခံပြည်သူ တစ်သန်းခန့်နှင့်အတူ တိရစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း သုံးသန်းခန့်အထိရှိသည်ဟု သိရှိရသည်။
ဘရာဇီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန Ibama က ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စည်းကမ်းဖောက်ဖျက်မှု ဒဏ်ရိုက်သည့် အရေအတွက် ၆,၈၉၅ မှု ရှိခဲ့ရာ ၉,၇၇၁ မှု ရှိခဲ့သော ယခင်နှစ်ကထက် ၂၉ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းသွားသည်။ သစ်တောဖျက်ဆီးမှုနှင့် မီးရှို့မှုအတွက် ဒဏ်ရိုက်မှုသည်လည်း ၄,၁၃၈ မှုမှ ၂,၅၃၅ မှုသို့ ကျဆင်းသွားခဲ့သည်။ အမေဇုန် သစ်တောဧရိယာကို ဖွဲ့စည်းထားသည့် ပြည်နယ်ကိုးခုတွင် ဒဏ်ရိုက်မှုသည်လည်း ၂,၈၁၇ မှုမှ ၁,၆၂၇ မှုသို့ ကျဆင်းသွားခဲ့သည်။
အမှုသည်များအတွက် မမျှတသည့် ဒဏ်ငွေချမှတ်ခံရမှုမှ ကာကွယ်ပေးနေသော ရှေ့နေ အယ်လ်မီဒါကမူ ယခင်နှစ်က ဒဏ်ကြေးငွေ များပြားခြင်းသည် လျှာထား ပမာဏ မပြည့်သောကြောင့် ပိုမိုချမှတ်ခဲ့မှုကို ထင်ဟပ်နေသည်ဟု ပြောကြားသည်။
သို့ရာတွင် ဝေဖန်သူအများစုကမူ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများကို မထေမဲ့မြင်ပြုလေ့ရှိသူ၊ အမေဇုန် သစ်တောမြေကို စိုက်ပျိုးရေးနှင့် သတ္တုတူးခြင်းအတွက် အသုံးချမှုကို ထောက်ခံသူ ဘော်လ်ဆန်နာရိုကို လက်ညှိုးထိုး ဝေဖန်ကြသည်။
ဘော်လ်ဆန်နာရိုသည် သမ္မတအဖြစ် ရွေးချယ်ခြင်းမခံရမီကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ဒဏ်ငွေချမှတ်မှုများကို နှစ်သက်သူမဟုတ်ကြောင်းနှင့် မဲဆွယ်စဉ်ကလည်း အဆိုပါဒဏ်ငွေကို ကန့်သတ်ပစ်မည်ဟု ကတိပေးခဲ့သူဖြစ်ကြောင်း ဌာနမှ အငြိမ်းစားဝန်ထမ်း အယ်လီဇဘက်အူမာက ပြောကြားသည်။
ဘော်လ်ဆန်နာရိုသည် ဧပြီလအတွင်းကလည်း တရားမဝင် သစ်ခိုးထုတ်သူများ၏ ထွန်စက်နှင့် သစ်တင်ကားများကို မီးရှို့ဖျက်ဆီးခဲ့သည့် သစ်တောအရာရှိများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ရုံးခွဲ ၂၇ ခုအနက် ၈ ခုတွင်သာ အမြဲတမ်းတာဝန်ခံ ချန်ထားခြင်းအားဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို နှောင့်နှေးစေရန် ဘော်လ်ဆန်နာရိုက ဟန့်တားခဲ့သည်ဟု သူမကထောက်ပြသည်။
ဒဏ်ရိုက်မှုအရေအတွက် ကျဆင်းသွားခြင်းသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများ လျော့နည်းလာသည့် သဘောမဟုတ်ကြောင်း ဝေဖန်သူများက မှတ်ချက်ပေးကြသည်။
The Voice






0 comments:
Post a Comment